Social Icons

Pages

Monday, July 11, 2016

စက်မှုလုပ်ငန်းလိုင်စင်နှင့် စည်ပင်သာယာလိုင်စင် မရှိဘဲ စားသုံးဆီထုတ်လုပ် ရောင်းချသူများကို အရေးယူမည်



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ပြည်တွင်း၌ စားသုံးဆီ ထုတ်လုပ် ရောင်းချနေသော ဆီစက် လုပ်ငန်းများတွင် စက်မှု လုပ်ငန်း လိုင်စင်နှင့် စည်ပင်သာယာ လိုင်စင် တစ်ခုခု မရှိဘဲ ထုတ်လုပ် ရောင်းချ နေသော စားသုံးဆီ များကို ယခုလကုန်မှ စတင်၍ သိမ်းဆည်း အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) နေပြည်တော် ရုံးချုပ်မှ သိရသည်။

လုပ်ငန်း လည်ပတ်နေသော ဆီစက်လုပ်ငန်း တစ်ခုသည် FDA ထောက်ခံချက်ကို တစ်နှစ်အတွင်း မရရှိပါက စက်ရုံလုပ်ငန်း ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း FDA က ထုတ်ပြန် ကြေညာပြီး နောက်တွင် ပြည်တွင်းရှိ ဆီစက် လုပ်ငန်းရှင်များ အနေဖြင့် FDA ထောက်ခံချက် ရရှိရေး အတွက် လုပ်ဆောင် လာကြကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး ၌ FDA ထောက်ခံချက် ရရှိထားသော ဆီစက်လုပ်ငန်း ၂၇ ခုသာရှိပြီး စက်မှုလုပ်ငန်း လိုင်စင်နှင့် စည်ပင်သာယာ လိုင်စင်ဖြင့် လုပ်ကိုင်နေသော ဆီစက် လုပ်ငန်းပေါင်း ၃ဝဝဝ နီးပါးရှိကြောင်း မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထို့ကြောင့် FDA ၏ ထောက်ခံချက် မရရှိသေးသော ပြည်တွင်း စားသုံးဆီ ထုတ်လုပ် ရောင်းချနေသည့် ဆီစက် လုပ်ငန်းရှင် များကို Pre-GMP (Good Manufacturing Practice) အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် ရက်တိုသင်တန်း ပေးခြင်း၊ ပြင်ဆင်ရမည့် အချက်အလက် များနှင့် လိုအပ်သော သတ်မှတ်ချက် စံချိန်စံညွှန်း များကို ဆီစက် လုပ်ငန်းရှင်များ သိရှိရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...