Social Icons

Pages

Wednesday, August 20, 2014

အများအကျိုးဆောင် ကိုယ့်အကျိုးအောင်


အများအကျိုးဆောင် ကိုယ့်အကျိုးအောင်

ဤလောက၌ '' အတ္တဟိတ နှင့် ပရဟိတ '' မိမိအကျိုး ဆောင်ရွက်ခြင်း နှင့် အများအကျိုး ဆောင်ရွက်ခြင်း ဟူ၍ အကျိုးနှစ်ပါး ဖြစ်စေသည့် ဆောင်ရွက်ခြင်း နှစ်မျိုး ရှိသည်။ အဆိုပါ နှစ်မျိုး အနက် အများအကျိုး သယ်ပိုး ဆောင်ရွက်ခြင်း သည် ပရဟိတ လုပ်ငန်း ဖြစ်သည်။

လူတိုင်းသည် ကိုယ့်အကျိုး၊ ကိုယ့်စီးပွားကို လုပ်ကိုင်ကြ သကဲ့သို့ အများအကျိုး သယ်ပိုးသည့် ပရဟိတ လုပ်ငန်းများ ကိုလည်း လုပ်ကိုင်ကြ ရမည် ဖြစ်သည်။ အကြောင်းမှာ လူသည် တစ်သမတ် တည်း ကံကောင်း နေလေ့ မရှိဘဲ၊ တစ်ခါတစ်ရံ မထင်မှတ်ဘဲ ကံဆိုးတတ်၊ ဒုက္ခ အမျိုးမျိုး နှင့် ရင်ဆိုင် ကြုံတွေ့ရ တတ်သည်။

ထိုအခါ အများ၏ အကူအညီ တစ်စုံတစ်ခု လိုအပ်မည် ဖြစ်သည်။ လူတစ်ဦး တစ်ယောက် ဖြစ်စေ၊ တစ်သင်း တစ်ဖွဲ့ ဖြစ်စေ၊ ဒေသ တစ်ခုခု ဖြစ်စေ ဘေးဒုက္ခ ကြုံလာလျှင် ဝိုင်းဝန်း အကူအညီပေး ကြရမည် ဖြစ်သည်။ အများအကျိုး သယ်ပိုး လိုသည့် စိတ်ကောင်း စိတ်မြတ် ပရဟိတ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ ပေးကြရမည် ဖြစ်သည်။ ထို့ကြောင့် ပရဟိတ စိတ်ဓာတ်သည် လူတိုင်း မွေးမြူ ထားရှိ အပ်သော စိတ်ဖြစ်သည်။

ပရဟိတ စိတ်ဓာတ်သည် စိတ်ကောင်း စိတ်မြတ် ဖြစ်သည်။ အများအကျိုး သယ်ပိုး ရွက်ဆောင် ခြင်းသည် မွန်မြတ်သော အလုပ် ဖြစ်သည်။ ကမ္ဘာကျော် သိပ္ပံပညာရှင် တစ်ဦး ဖြစ်သော အယ်လ်ဘတ် အိုင်းစတိုင်း ကလည်း တခြားသူများ အတွက် အသက်ရှင် ရသည့် ဘဝသည် လူဖြစ်ရ ကျိုးနပ်ကြောင်း ဆိုခဲ့ဖူး လေသည်။

ယခုအခါ ကမ္ဘာ အနှံ့လူမှု အကျိုးပြု ပရဟိတ လုပ်ငန်းများ ရှင်သန် ထွန်းကားလျက် ရှိသည်။ ပရဟိတ လုပ်ငန်းများကို လူတစ်ဦးမှ အစပြု၍ အသင်းအဖွဲ့ ဖြင့်ပါ ပြုလုပ် လာကြသည် ကို တွေ့ရသည်။ လူတို့၏ သာမှု၊ နာမှု ကိစ္စအဝဝ တွင် ပူးပေါင်း ပါဝင် လုပ်ကိုင် ပေးလာ ကြသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ မြို့နယ် ဒေသ အနှံ့အပြား တွင်လည်း လူမှုရေး အသင်းအဖွဲ့များ၊ နာမှု ကူညီရေး အသင်းအဖွဲ့များ တည်ထောင်၍ သာမှု နာမှု ကိစ္စရပ် များတွင် တတ်အားသရွေ့ ပါဝင် လုပ်ကိုင် ဆောင်ရွက် နေကြခြင်း သည် ပရဟိတ လုပ်ငန်းများ ဆောင်ရွက် နေကြခြင်း ဖြစ်သကဲ့သို့ တိုင်းရင်းသား မိဘမဲ့ ကလေးငယ် များ၏ ဘဝကို ကူညီ စောင့်ရှောက် ပေးနေကြသော ပရဟိတ သာသနာပြု ပုဂ္ဂိုလ် များလည်း ရှိကြသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် '' အများ အကျိုးဆောင် ကိုယ့် အကျိုးအောင် '' ဆိုသည့် စကားအတိုင်း လူမှု အသိုင်းအဝိုင်း အတွင်း သာမှု နာမှု ကိစ္စအဝဝ နှင့် လူမှု ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင်လည်း တက်တက် ကြွကြွ ပါဝင်လုပ်ကိုင် ပေးလိုသော စိတ်ဓာတ် မွေးမြူကာ အများအကျိုး ဆောင်ရွက် ပေးသင့် ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...