Social Icons

Pages

Monday, July 14, 2014

ကြီးပွားတိုးတက်သည့်နေရာ


ကြီးပွားတိုးတက်သည့်နေရာ

ကြီးပွား တိုးတက်ရေး အတွက် လူတို့ အနေဖြင့် နေရာကောင်းကို ရွေးချယ်လေ့ ရှိကြသည်။ ရေကြည်ရာ မြက်နုရာ အရပ်သို့ ရွှေ့ပြောင်း ကြသည်။ တစ်ရွာ မပြောင်း သူကောင်း မဖြစ်ဟု ဆိုကာ နေရာကောင်းကို ရှာဖွေကြသည်။ အချို့မှာ ဒေသစွဲ စိတ်ကြီးကာ မိမိ ရောက်ရှိရာ၊ နေထိုင်ရာ အရပ်တွင်သာ တိုးတက်မှုကို မရှာကြံဘဲ နေထိုင် ကြသည်။

နေရာကောင်းကို အမှီပြု၍ ကြီးပွား တိုးတက်မှုကို ရယူနိုင် သကဲ့သို့ မိမိနေထိုင်ရာ ရပ်တည်ရာ နေရာကို ကောင်းအောင် ပြု၍ ကြီးပွား တိုးတက်မှု ကိုလည်း ဖန်တီးနိုင်သည်။ လောကတွင် နေရာ လေးမျိုး ရှိသည်။ ထိုနေရာ လေးမျိုးမှာ အရပ်ကောင်း၍ လူမကောင်းသော နေရာ၊ လူကောင်း၍ အရပ် မကောင်းသော နေရာ၊ အရပ်နှင့် လူနှစ်ပါး စုံမကောင်းသည့် နေရာ၊ အရပ်နှင့် လူနှစ်ပါး စုံကောင်းသည့် နေရာဟူ၍ ဖြစ်သည်။

ထိုနေရာ လေးမျိုးတွင် အရပ်နှင့် လူ နှစ်ပါးစုံ ကောင်းမှသာ ကြီးပွား တိုးတက် နိုင်သည်။ အရောင်း၊ အဝယ် ဝါသနာ ပါသူသည် မူလမိမိ၏ ငွေအင်အား နှင့် ချင့်ချိန်၍ နေရာဒေသ ရွေးချယ်ရန် လိုအပ်သည်။ လုပ်ငန်းကြီး လုပ်ကိုင်လို ပါက ရန်ကုန်၊ မန္တလေး မြို့ကြီးများ ကဲ့သို့ နေရာကို ရွေးချယ် ရမည် ဖြစ်သည်။ ဤသို့ နေရာကောင်း ရွေးချယ် လုပ်ကိုင်၍ ဆယ်ပေ ပတ်လည် အခန်း ကျဉ်းကျဉ်း လေးဖြင့် စတင် လုပ်ကိုင်ကာ ကျိကျိတက် ချမ်းသာသွားသူ များစွာ ရှိသည်။

ရှေးယခင်က ဆင်းရဲသား တစ်ယောက်သည် ကြွက်သေတစ်ခု အရင်းပြု၍ စီးပွားရေး လုပ်ရာ လေးလအတွင်း သိန်းချီ ချမ်းသာသည့် သူဌေးကြီး ဖြစ်သွားခဲ့ ဖူးသည်။ အရပ်လည်း ကောင်း၍ လူကလည်း ကောင်းပါက အနည်းနှင့် အများ ကြီးပွား တိုးတက် ချမ်းသာ လာမည် အမှန်ဖြစ်သည်။

ဤတွင် နေရာကောင်းကို ရှာ၍ အမှီပြုကာ ကြီးပွား တိုးတက်မှုကို ဖန်တီးသူသည် တစ်ဦး တစ်ယောက် ကောင်းစားရေးသာ ဖြစ်ပြီး မိမိ နေထိုင်ရာ အရပ်နေရာကို ကောင်းအောင် ကြိုးစား၍ ကြီးပွား တိုးတက်အောင် ဖန်တီးသူသည် အများ ကောင်းစားရေး ဖြစ်ပြီး အခြေ ခိုင်မာသည်။

ယနေ့ နိုင်ငံတော်သည် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး၊ အခြေခံ လူတန်းစားများ ကြီးပွား တိုးတက်ရေး အတွက် အစီအမံများ ချမှတ်လျက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိသည်။ ထို သို့သော အခြေအနေ ကောင်းတွင် ပြည်သူများ အနေဖြင့်လည်း အကျင့်စာရိတ္တ ကောင်းကောင်း၊ အပျော်အပါး မဖက်၊ ဉာဏ် ဝီရိယ အစွမ်းကို ထုတ်၍ မိမိတို့၏ ကြီးပွား တိုးတက်မှုကို ဖန်တီးယူ ကြရမည် ဖြစ်သည်။

ဤသို့ ဖန်တီး ယူခြင်းဖြင့် မိမိတို့ နေထိုင်ရာ အရပ်သည် စည်ပင် တိုးတက် လာမည်ဖြစ်ပြီး မိမိတို့ ဘဝ တိုးတက်မှု သာမက မိမိ၏ မျိုးနွယ် နိုင်ငံအတွက်ပါ ကြီးပွား တိုးတက် လာမည်ဖြစ်ရာ နေရာကောင်း ကို ပိုင်ဆိုင်ပြီး ဖြစ်၍ အခြားတစ်ပါးသို့ ရွှေ့ပြောင်းကာ မျက်နှာငယ်စွာ နေရမည့် ဘဝမှ ထာဝရ လွတ်ကင်းမည် ဖြစ်ပြီး နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ် ကိုပါ တိုးတက် စေနိုင်သည်။

သို့ဖြစ်ရာ မိမိနိုင်ငံ၊ မိမိလူမျိုး ကို ဒေသစွဲ စိတ်ကြီးစွာ တိုးတက်မှုကို ရှာကြံမှု မပြုဘဲ နေထိုင်ခြင်း ထက် မိမိတို့ နေထိုင်ရာ အမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးစိတ် နှင့်အတူ မိမိနေထိုင်ရာ အရပ်ကို ကြီးပွား တိုးတက် လာအောင် စွမ်းဆောင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။ 

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...