Social Icons

Pages

Monday, July 14, 2014

ချည်တိုင်


ချည်တိုင်

မဒါလေး

တကျွီကျွီ မြည်သံနှင့် ဖြည်းဖြည်းချင်း ရွေ့နေသော နွားလှည်း ထက်တွင် ခင်လှ တစ်ယောက် အပြုံးတွေ ဝေလျက်။ နံနက် ကတည်းက ထွက်ခဲ့တာ ညနေ နေစောင်းမှ ရွာဘက်ကို ပြန်လှည့် မိသည်။ လောဘ တရား၏ စေစားမှု အောက်တွင် ဖြစ်ချင်သော ဆန္ဒတို့က ညနေ နေဝင်ချိန်ကို မေ့လျော့ စေသည်။ သူမတို့ရွာမှာ ရှမ်းရိုးမနှင့် မနီးမဝေးတွင် ရှိသော ရွာတစ်ရွာ ဖြစ်သည်။

ရွာတွင် စပါး၊ ပဲ၊ ပြောင်း စိုက်ခြင်းအပြင် အဝေးလုပ်ဟု ခေါ်သော ပျဉ်သယ် ပျဉ်ထမ်း အလုပ်ကို အမျိုးသမီး အများစု လုပ်ကြသည်။ ရှမ်းရိုးမ အထက်တွင် သစ်ခွဲ လွှဆွဲ လုပ်ငန်းများ ရှိရာ ထို လုပ်ငန်းများတွင် ပျဉ်သယ် ပျဉ်ထမ်း လုပ်ပါက တစ်နေ့ ငွေကျပ် ငါးထောင်၊ ခြောက်ထောင် ဝင်ငွေ ရသည်။ တစ်ပတ် သွားလိုက် ရွာပြန် နားလိုက် တစ်ပတ် ပြန်သွား လိုက်နှင့် ပုံမှန် မလုပ်လည်း ဝမ်းဝရုံ လည်ပတ် သွားလို့ ရသည်။ 

မိုးဦးကျ စတွင် မျှစ်ချိုးခြင်း အလုပ်ကို တစ်ရွာလုံးရှိ အမျိုးသမီး အတော် များများ လုပ်ကြသည်။ အမျိုးသမီးများ ကိုယ်တိုင် လှည်းမောင်းလျက် မျှစ်ချိုး ထွက်တာ ကတော့ အများအမြင်မှာ ထူးဆန်း ပေမယ့် ရွာဓလေ့ အနေနှင့် ကတော့ အဆန်းမဟုတ် တော့ပေ။ နံနက် မိုးလင်း သည်နှင့် နွားစာကျွေး၊ နွားနို့ပေး၊ နွားလွှတ်၊ ညနေ နွားသိမ်းသည့် အလုပ်က တစ်နေ့ တစ်နေ့ ကျင်လည် နေရသည့် ကိစ္စများပင်။ 

ယနေ့ အတွက် မျှစ်များ လှည်းအပြည့် နီးပါး ရသဖြင့် ခင်လှ မျက်နှာ ရွှင်ပျပျ ဖြစ်လာသည်။ ခင်လှမှာ ဆယ်တန်း အောင်ပြီးသူ တစ်ဦး ဖြစ်သည်။ မြို့တွင် ဆယ်တန်း အောင်သည် အထိ နေခဲ့ရသဖြင့် ခေတ်နှင့် ယှဉ်သော စကားပြော ပညာကို ရွာက လူတွေထက် အနည်းငယ် ကြွယ်သည်။ ပညာကံ နည်းသည်လား၊ သားသမီး ချစ်စိတ် ကြီးသော မိဘများ ကြောင့်လား၊ ဗဟုသုတ မကြွယ်ဝ ခဲ့သည်လား မသိ။ တက္ကသိုလ် ပညာကို ဆက်လက် သင်ကြားခွင့် မရ။

ရွာတွင် အနည်းငယ် လည်ဝယ်သော ခင်လှ မှာ ပဲကောက် စပါးကောက် နှင့် ပွဲစားမကျ တကျ ဖြစ်လာသည်။ တစ်ခါတစ်ရံ တောတွင် မျှစ်ချိုးခြင်း၊ ပျဉ်သယ် သွားခြင်း ဖြင့်လည်း အသက် မွေးသည်။ အတန်ငယ် ရလာသော မြို့မှ ဗဟုသုတနှင့် အသိပညာ များမှာ ဆယ်တန်း ကျောင်းသူ တစ်ဦးအတွက် မည်မျှ အထောက်အကူ ပြုခဲ့ပါ သနည်း။

စာမေးပွဲ အောင်ရေး ကိုသာ ရှေးရှုလျက် သူ့ထက်ငါ အပြိုင်အဆိုင် သင်ကြား နေကြသော အဆောင်နေ ပညာရေးမှ ခင်လှ ရလိုက်သည်က ဘဝအတွက် ရေရှည် တိုးတက်ရေး မပါ။ အနည်းငယ် သော ဗဟုသုတ တို့မှာ ရွာမှ ထွက်ကာ မြို့ကို တက္ကသိုလ် ပညာ ရှာသည့်အထိ သတ္တိ ပေးစွမ်းနိုင်မှု မရှိခဲ့ပါ။ ဆယ်တန်း အောင်သဖြင့် တစ်ရွာလုံး ပျော်ခဲ့သည့် အချိန်မှလွဲ၍ ခင်လှ ဘဝအတွက် ရွာမှ ရခဲ့သည်က ဘာမှမရှိ။ 

တစ်နေ့ ရွာ စာကြည့်တိုက် မှ သတင်းစာ တစ်စောင်ထဲတွင် ဆယ်တန်းအောင် အမျိုးသမီးများ အတွက် အလုပ်ခေါ်သည့် ကြော်ငြာ တစ်ခုကို ဖတ်မိသည်။ လစာကလည်း ငွေကျပ် တစ်သိန်း အထက်မှာ ပေးမည် ဆိုခြင်း ကြောင့် ခင်လှ အတွေးဝင် မိသည်။ မိမိနှင့် ရွယ်တူများ ခေတ်မီ လုပ်ငန်းခွင် ဝင်နေကြ ချိန်တွင် မိမိမှာတော့ ခေါင်းပေါင်း ထူထူနှင့် နေပူပူမှာ ခြေနှင့် တစ်မျိုး လှည်းဖြင့် တစ်ဖုန် ပြေးလွှား လှုပ်ရှား နေရသည်။ နံနက် နေထွက် သည်မှ ညနေ နေဝင်သည် အထိ အတွေ့အကြုံ ဗဟုသုတမှာ တစ်နေ့နှင့် တစ်နေ့ ဆန်ဈေး၊ ပဲဈေး တက်သည် ကျသည်မှလွှဲ၍ ဘာမှ ပြောင်းလဲမှု မရှိ။ မျှစ်ပိုရသည့် နေ့နှင့် လျော့ရသည့် ရက် ဘာမှ မကွဲပြား။ သည်လို တွေ့မြင် ကြားသိ ရသောအခါ စွန့်စားလိုသော သွေးတို့ ခန္ဓာ ကိုယ်တွင်းမှ ကြွလာ ကြသည်။

'' အမေ၊ အဘ ကျုပ် မြို့သွားပြီး အလုပ်လုပ် ကြည့်ချင်တယ်'' မိဘများ မျက်လုံးပြူး သွားကြသည်။ ''အခုတိုင်း နေတာ အကောင်းသား မြို့ဆိုတာ ပိုက်ဆံသာ ပိုရတာ လူလည်တွေက အများသား၊ စားရတဲ့
ထမင်းတစ်နပ် မအေးချမ်း ပါဘူးအေ'' ဟု ပြောသော အမေ၏ စကားအောက် ခင်လှ တစ်ယောက် သွေးတို့ အေးစပြု လာသည်။

''သွားချင်သပ ဆိုလဲ ပို့ပေး ရမှာပေါ့။ ဒါပေမဲ့ အလုပ်ဆိုတာ ခုရှာ ခုရတာ မဟုတ်ဘူး။ ပြီးတော့ နေဖို့ စားဖို့က အစ စီစဉ် ရဦးမယ်။ သူများ တတ်တဲ့ ပညာမျိုး မတတ်ရင် ထပ်သင် ရဦးမယ်။ တို့ဦးကြီး သမီးတွေများ မြင်ရတာသာ ဇိမ်ကျတာ မြို့မှာ အလုပ်လုပ် ရတာ အပြိုင်အဆိုင် နဲ့ မောလှ သကွယ်'' အဖေ၏ အားတက်စရာ မပါသော စကား နောက်တွင် ခင်လှ စစ်မတိုက် ခင်က မြားကုန် လေပြီ။ နံနက်ခင်း နေရောင် လာသည် နှင့် အိမ်အောက်မှ နွားများ အော်လေပြီ။ အနည်းငယ် နောက်ကျသွား သဖြင့် သူတို့ကို ချည်တိုင်မှ ဖြေပေးရန် အော်နေခြင်း ဖြစ်သည်။ ခင်လှ အပြေးဆင်း သွားမိသည်။ နွားနို့ ညှစ်ပြီးသည်နှင့် ခါတိုင်း နွားများကို အရှေ့ဘက် ရှမ်းရိုးမ အစပ်ရှိ မြက်ခင်းစိမ်း များရှိရာသို့ လွှတ်ပေး နေကျ ဖြစ်သည်။ ချည်တိုင်မှ ဖြေပေး လိုက်သည် နှင့် ရှေ့မှ နွားတစ်ကောင် ဦးဆောင်လျက် သူတို့၏ စားကျက်ရှိရာ မြက်ခင်းစိမ်း များဘက်သို့ မာန်ပါပါ ချီတက်သွား ကြသည်။ ညနေစောင်းမှ သွားသိမ်း ရသည်။ သူတို့ ကတော့ သူတို့ရဲ့ နံနက်ခင်း တွေအတွက် အားအင် အပြည့်ရှိလျက် ဖြစ်နေသည်။

အရှေ့ဘက်မှ နေမင်းနှင့် အတူ တောင်တန်းများ မြက်ခင်းစိမ်း များက သူတို့ကို အမြဲကြိုလျက် ရှိသကဲ့သို့ပင် ချည်တိုင်မှ ဖြေပေးမည့် ခင်လှ လည်း ရှိနေသည်။ ခင်လှ တစ်ယောက် ယခင်အပတ် ပျဉ်ထမ်း သွားစဉ်က
နာနေသော ပခုံးကို လက်နှင့် ပွတ်လိုက်သည်။ အသားမာ အနည်းငယ် တက်နေသော ပခုံးကို စမ်းလျက် အနည်းငယ် ပြုံးလိုက်သည်။ မီးဖိုတဲထဲ တွင် ထမင်းချက် နေသော အမေနှင့် ချည်တိုင်မှာ ချည်ထားသော နွားများကို တစ်လှည့်စီ ကြည့်ရင်း နွားများကို ချည်တိုင်မှ ဖြေပေးလိုက် သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...