Social Icons

Pages

Showing posts with label ၂၁ ရာစုပင်လုံ. Show all posts
Showing posts with label ၂၁ ရာစုပင်လုံ. Show all posts

Tuesday, May 30, 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံ (ဒုတိယ အစည်းအဝေး) အောင်မြင်စွာ ကျင်းပပြီးစီး


ပြည်ထောင်စြုငိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စြုငိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ်။

နေပြည်တော် ၃၀-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2 )၌ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကျေးဇူး တင်စကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့ အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ဖြားတန်ခွန်ဥက္ကာက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ခွန်သိန်းဖေနှင့် ဦးဉာဏ်ဝင်းတို့က ဆောင်ရွက် ကြသည်။

သဘာပတိ ဖြားတန်ခွန်ဥက္ကာက ဦးစွာအဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ကဏ္ဍအလိုက် မူဝါဒသဘော တူညီချက်များကို တင်သွင်းကြရာ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးခင်ဇော်ဦးက နိုင်ငံရေး ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် စောမြရာဇာလင်းက စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ငံလင်းက လူမှုရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးအောင်စိုးက မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း တင်သွင်းကြသည်။

ထို့နောက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ဆွေဦး၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ခင်သိန်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် ပဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းထွန်း တို့က ကဏ္ဍအလိုက် တင်သွင်းသည့်အချက် ၃၇ ချက်ကို ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် သဘာပတိ ဖြားတန်ခွန်ဥက္ကာက ကဏ္ဍအလိုက် တင်ပြလာသော မူဝါဒအဆိုပြုချက်များ ဖြစ်သည့် နိုင်ငံရေးကဏ္ဍ မူဝါဒအဆိုပြုချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒအဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ အဆိုပြုချက် လေးချက် ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒအဆိုပြုချက် ၁ဝ ချက် စုစုပေါင်း ၃၇ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ထောက်ခံကြောင်း တင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် မူဝါဒအဆိုပြုချက် အားလုံးကို တပေါင်းတစည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှ အတည်ပြုထားသော သဘောတူညီချက် ၃၇ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုး ကြသည်။

(သဘောတူညီချက် ၃၇ ချက၊် အစုအဖွဲ့ ကိုယ်စားလှယ်များ၏ လက်မှတ်များ၊ အသိသက်သေများ လက်မှတ်များကို စာမျက်နှာ(၈) တွင် သီးခြားဖော်ပြထားပါသည်။)ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, May 26, 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံသို့ တင်သွင်းမည့် ကဏ္ဍငါးခုနှင့် ပတ်သက်၍ ဆွေးနွေးမှုစတင် အများစုကို သဘောတူညီမှု ရရှိ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဒုတိယနေ့
သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။

နေပြည်တော် ၂၆-၅-၂၀၁၇

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) နောက်ဆုံးနေ့တွင် တင်သွင်းမည့် ကဏ္ဍငါးခုတွင်ပါဝင်သည့် အခြေခံမူနှင့် အချက်ေ ပါင်း ၄၁ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ဒုတိယနေ့တွင် စတင်ဆွေးနွေးခဲ့ပြီး အများစုကို သဘောတူ ညီမှုရရှိကြောင်း ဒုတိယနေ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍငါးခုကို အစိုး ရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့က ဆွေးနွေးခဲ့ပြီး ကဏ္ဍအသီးသီးတွင် ပါဝင် သည့်အခြေခံမူနှင့် အချက်အများစုကို သဘောတူညီနိုင်ခဲ့ကြောင်း ကဏ္ဍအသီးသီးတွင် တာဝန်ယူထားသည့် UPDJC အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြောကြားသည်။

နိုင်ငံရေးကဏ္ဍတွင် ပါဝင်သူဒေါက်တာ လျန်မှုန်းဆာခေါင်းက ''နိုင်ငံရေးကဏ္ဍမှာ ခေါင်းစဉ်ခွဲအနေနဲ့ အချုပ်အခြာအာဏာ ကိစ္စဖြစ်တယ်။ ဒုတိယက အချုပ်အခြာအာဏာ ကျင့်သုံးမှုဖြစ်တယ်။ တတိယက တန်းတူရေးဖြစ်တယ်။ စတုတ္ထကကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဖြစ်တယ်။ ပဉ္စမက ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ နံပါတ်ခြောက်ကတော့ ပါတီစုံဒီမိုကရေစီကိစ္စဖြစ်တယ်။ ဒီနေ့ဆွေးနွေးချက်အားလုံးကို ကြည့်မယ်ဆိုရင် ပုံစံလေးခု ထွက်လာတယ်။ ဆွေးနွေးတဲ့ ဆွေးနွေးချက်အားလုံး အပြုသဘောဆောင်တယ်။ အားလုံးက ပြည်ထောင်စုသဘောတူ စာချုပ်အထိ လက်မှတ်ရေးထိုးဖို့ ကြိုးစားကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားမှုနဲ့ ဆွေးနွေးကြတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံရေးကဏ္ဍဟာ အပေါင်းလက္ခဏာ ဆောင်တယ်လို့ တင်ပြချင်ပါတယ်''ဟု ပြောသည်။

စီးပွားရေးကဏ္ဍတွင်ပါဝင်သူ မင်းဇေယျာဦးက ''ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စီးပွားရေးမူဝါဒတွေဆွေးနွေးပါတယ်။ စုစုပေါင်းရှစ်ချက်ရှိပါတယ်။ ကျွန်တော်အခု ထွက်လာတဲ့အထိ စီးပွားရေးကဏ္ဍ ဆွေးနွေးနေဆဲပါ။ ဆွေးနွေး ချက်ငါးခု ဆွေးနွေးပြီးပါပြီ။ ငါးခုလုံးမှာ ၁ ကနေ ၅ အထိမူအရသဘော တူညီချက်ရပါတယ်။ ဆွေးနွေးမှုတွေ ကောင်းမွန်ပါတယ်။ စကားလုံးပြင်ဆင် တာလောက်ပဲ နည်းနည်းလေးဆွေးနွေး ကြတာများပါတယ်''ဟု ပြောကြားသည်။

လူမှုရေးကဏ္ဍတွင် ပါဝင်သူဦးဇော်ဌေးက ''လူမှုရေးကဏ္ဍမှာ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ အခြေခံမူ လေးချက်ရှိပါတယ်။ အခြေခံမူဖြစ်တဲ့အတွက် အကောင်အထည် ဖော်ရမယ့် အဆင့်တွေကို ဖယ်ထားရပါတယ်။ အဲ့ဒီအတွက် နိုင်ငံတကာစံနှုန်း ပြည်တွင်းအနေအထားနဲ့ ချိန်ကိုက်ပြီး လုပ်ထားပါတယ်။ ဒီနေ့ လူမှုရေး ကဏ္ဍမှာလေးချက်လုံး ပါဝင်ဆွေးနွေး နိုင်ခဲ့ပါတယ်'' ဟုပြောသည်။ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင်ပါဝင်သူ ဦးမြင့်စိုးက ''မြေယာကဏ္ဍမှာ အခြေခံမူခြောက်ချက် ဖြစ်ပါတယ်။ အခြေခံမူနဲ့ ပတ်သက်ပြီး အချို့စကားလုံး အသုံးအနှုန်း အကြံပြုတင်ပြတာရှိပါတယ်။ တစ်ခုချင်းအပေါ် လက်မခံနိုင်တာ သိပ်မတွေ့ရပါဘူး။ အချို့စကားလုံးတွေ ပြင်ဆင်ချင်တာ တွေ့ရပါတယ်။ ဒါကိုမှတ်တမ်း အနေနဲ့ထားရှိပါတယ်။ မနက်ဖြန်မှာတော့ အကြံပြုချက်တွေနဲ့ ပြန်လည်သုံးသပ်ပြီး ရရှိတဲ့အချက် အလက်တွေ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်'' ဟုဖြေကြားသည်။

လုံခြုံရေး ကဏ္ဍတွင်ပါဝင်သူ ရဲဘော်မျိုးဝင်းက ''လုံခြုံရေးကဏ္ဍမှာ ချမှတ်ထားတာက နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ လုံခြုံရေးကဏ္ဍပါ။ လုံခြုံရေးကဏ္ဍက တိုင်းပြည်အတွက် အရေးကြီးလို့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ စတင်ဆွေးနွေးခြင်း မပြုဘဲ ပြည်ထောင်စုအဆင့်မှာသာ စတင်ဆွေးနွေးဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်အခြေခံမူဝါဒ အဖြစ်နဲ့ ညီလာခံကိုတင်ပြ နိုင်ခြင်းမရှိပါဘူး။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုအရ အနာဂတ်ပြည်ထောင်စုမှာ တပ်မတော်တစ်ခုတည်း ဖြစ်ရေးဆိုတဲ့ဟာကို မူအားဖြင့်လုပ်ငန်း ကော်မတီအဆင့်မှာ ဆွေးနွေးထားတယ်။ ဒီညီလာခံမှာ လုပ်ငန်းကော်မ တီကရရှိထားတဲ့သဘောထား UPDJC ရဲ့လမ်းညွှန်မှုနဲ့အညီ ဒီကနေ့မှာ လုံခြုံရေးကဏ္ဍမှာ တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ပါတယ်''ဟု ပြောကြားသည်။

အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့က ကဏ္ဍငါးခုအပေါ် ယနေ့တွင် စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့ အတည်ပြုနိုင်မှု မတိုင်မီအထိ ပြင်ဆင်ဖြည့်စွက်မှုများ ရှိနေမည်ဖြစ်သည်။

#Themyawadydaily

Thursday, May 25, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ကပြောသော ငြိမ်းချမ်းရေးစကားသံများ


နေပြည်တော် ၂၅-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ကို မေ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)(MICC-2) ၌ကျင်းပသည်။ အဆိုပါညီလာခံနှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ စကားသံများကိုလည်း ပြန်လည်ဖော်ပြလိုက်ပါသည်-


ဦးမြင့်စိုး (နိုင်ငံရေးပါတီများအစုအဖွဲ့)

ယခုညီလာခံက အရင်ကထက် ဆုံးဖြတ်ချက်သဘောထားတွေ ထွက်ပေါ်လာမှာဖြစ် တဲ့အတွက်ကြောင့် ညီလာခံကတော့ အနှစ်သာရရှိတဲ့ ညီလာခံတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီညီလာခံမှာတော့ ကဏ္ဍငါးခုအနေနဲ့ ဆွေးနွေးတဲ့ အခါ နိုင်ငံရေးကဏ္ဍ ဖက်ဒရယ်စနစ်မှာ အခြေခံရမယ့်မူဝါဒတွေ၊ အဲ့ထဲမှာ အဓိကခြောက်ချက်ကို ဒီတစ်ပတ်မှာ အတည်ပြုနိုင်ဖို့ရှိပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ နိုင်ငံတော်တည်ဆောက်ပုံ အပိုင်း၊ ဖွဲ့စည်းမှုအပိုင်းနဲ့ နောက်တစ် ခုက အာဏာခွဲဝေမှုအပိုင်း အဲဒါတွေကို ညီလာခံမှာ တော်တော်လေး ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်မယ် လို့ထင်တယ်။ ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုအနေနဲ့ ဒီညီလာခံက နေပြီးတော့ ဆုံးဖြတ်ချက် ချမှတ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်၊ ပြည်သူတွေအားလုံး လိုလားတောင့်တတဲ့ ပုံသဏ္ဌာန်ရလာလိမ့်မယ်လို့ ထင်ပါတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကလည်း NCA မှာ သဘောတူညီပြီးသား ဖြစ်တာပေါ့။ ဒီလမ်းကြောင်း ကနေပြီးတော့ ခွဲမထွက်ဘဲနဲ့ NCA လမ်းကြောင်းအတိုင်းပဲ လျှောက်လှမ်းပြီးတော့ နိုင်ငံတော်နဲ့ ပြည်သူ အကျိုးရှေးရှုပြီး အတူတကွပူးပေါင်းဆောင် ရွက်သင့်ပါတယ်။


ဦးဇော်ဌေး UPDJC (အတွင်းရေးမှူး)

DPN အဖွဲ့အခုငြိမ်းချမ်းရေး ညီလာခံကို အချိန်မီမလာနိုင်တဲ့အတွက် ကျွန်တော်တို့ ဘက်ကလည်း အထူးစိတ်မကောင်းဖြစ်တယ်။ နောက်တစ်ချက်က မလာနိုင်ပေမယ့် ငြိမ်းချမ်းရေးညီလာခံကနေ ဆွေးနွေးအကြံပြု ချက်တွေရှိ မယ်။ အပြီးမှာနောက်လာမယ့် တတိယအကြိမ်အစည်း အဝေးမကျင်းပမီ ကြားကာလမှာ ခုနစ်ဖွဲ့ကြား ဘယ်လိုပူးပေါင်း ပါဝင်အောင်လုပ်မလဲကို ကျွန်တော်တို့ နည်းလမ်းရှာဖို့ လုပ်နေပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေမှာ DPN ရဲ့သဘောထားတွေ အများကြီးပါတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ သူတို့တောင်းဆိုချက်ရှစ်ချက် ပေါ်မှာမူတည်ပြီး အဓိကကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ခိုင်မာရေးဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲ ရေးအတွက်နှစ်ဖက်ညှိနှိုင်းသွားမယ် ဆိုတဲ့မူဝါဒတစ်ရပ် သဘောတူထားပါတယ်။ နောက်ပိုင်းလက်တွေ့ အသေးစိတ်ဘယ်လို လုပ်မလဲဆိုတာကို ကျွန်တော်တို့ဆက် ဆွေးနွေးသွားဖို့ ရှိပါတယ်။ UNFC ၊ DPN နဲ့ နှစ်ပိုင်းဆွေးနွေးမှာ ဖြစ်ပါ တယ်။ တစ်ပိုင်းကအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် ချုပ်ပြီးတဲ့နောက်မှာ ခိုင်မာအောင် ဘယ်လိုလုပ်မလဲဆိုတာကို သူတို့ရဲ့အကြံပြုချက် နဲ့ညှိနှိုင်းနေတာရှိတယ်။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရေးဆွဲရေး မပြီးပြတ်တဲ့ ဆွေးနွေးပွဲတွေမှာ သူတို့ရဲ့ သဘောထားတွေကို ရယူပြီး ဆောင်ရွက်သွားမှာပါ။


ဦးကိုကိုလှိုင်(ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့)

အခုကပထမဆုံးဆွေးနွေးမယ့် နေ့ဆိုတော့ မတူကွဲပြားတဲ့အမြင်တွေ ထွက်လာကြမယ်။ အဖွဲ့အစည်းပေါင်းစုံ၊ နေရာဒေသပေါင်းစုံရဲ့ ရည်ရွယ်ချက်တွေ၊ နောက်ခံအခြေအနေတွေ ကလည်း ကွဲပြားကြတဲ့အခါကျတော့ ကွဲပြားတဲ့အမြင်တွေ ထွက်လာကြမှာပဲ။ ကွဲပြားတဲ့အမြင်တွေကို အပြန်အလှန်ညှိနှိုင်းပြီးတော့မှ ဆွေးနွေးကြဖို့ဖြစ်ပါတယ်။ ကဏ္ဍကြီးငါးရပ်ကတော့ တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတော့ ငြိမ်းချမ်းရေးတစ်ခု ရဖို့ဆိုရင် နိုင်ငံရေးနဲ့လုံခြုံရေးလောက်တင် လည်းမပြီးဘူး။ စီးပွားရေးလည်းကောင်း ဖို့လိုတယ်။ လူမှုရေးကလည်း သဟဇာတဖြစ်ဖို့လိုတယ်။ မြေယာတို့ ၊ သဘာဝပတ်ဝန်းကျင်တို့ ဆိုတာကလည်း ငြိမ်းချမ်းရေးတစ်ခုရဖို့ အထောက်အကူ ပြုနေတယ်။အားလုံးကိုစုံလင်အောင် ဆွေးနွေးနိုင်တယ် ဆိုရင်ပိုပြီးတော့ ကောင်းတာပေါ့။ ဒါပေမဲ့တစ်ခု ရှိတာတော့ အမယ်များလို့ရှိရင်လည်း ရှေ့တိုးဖို့တော့တော်တော်လေး ရုန်းကန်ရမယ့်အနေ အထားတော့ရှိတာပေါ့။ ကျွန်တော်မြင်တာ ကစေတနာပါပဲ၊ စေတနာပါရင် မြန်မြန်ရောက် နိုင်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုရင် အကြိမ်၁ဝဝ မရရင် အကြိမ် ၁ဝဝဝ ဆွေးနွေးရမှာပဲ။ ဒါကိုတော့ လက်လျှော့လိုက်လို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ NCA ဆိုတာက အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးမှ သဘောတူထားတဲ့ နှစ်နဲ့ချီပြီးကြိုးစား ထားရတဲ့အရာပါ။

ဒေါက်တာနိုင်ဆွေဦး (အမှုဆောင်ဒါရိုက်တာ၊ သေနင်္ဂအင်စတီကျု)

ကျွန်တော်ကငြိမ်းချမ်းရေး ညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်လာတဲ့ ပြည်တွင်း ပဋိပက္ခကိုဖြေ ရှင်းပေးနိုင်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒီငြိမ်းချမ်းရေး ညီလာခံဆိုရင် ကျွန်တော်တို့ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဓိကရေသောက်မြစ် ကြီးကိုရှာဖို့ လုပ်နေတာဖြစ်တဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအဖွဲ့တွေအားလုံးပူးပေါင်းပြီး အဖြေရှာဖို့ လုပ်နေတာဖြစ်တဲ့ အတွက်ဒါဟာ ကောင်းမွန်တဲ့လုပ်ငန်း တစ်ခုလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ငြိမ်းချမ်းရေးမှာတော့ အဖွဲ့အားလုံးကို ပါစေချင်သလို ဖိတ်ခေါ်ထားပါတယ်။ မတက်ဖြစ်တာကတော့ သူတို့သဘောထား ခံယူချက်ပဲ ဖြစ်ပါတယ်။ အားလုံးကလည်း သူတို့ကို လက်ကမ်းကြို နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်တစ်ကြိမ်အစည်းအဝေး တွေမှာလည်း ကျန်တဲ့အဖွဲ့တွေ တက်ရောက်လိမ့်မယ် လို့လည်းမျှော်လင့်ပါတယ်။ NCA ဆိုတာကတော့ ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခုလို့ ယူဆပါတယ်။ NCA လက်မှတ်ထိုးဖို့ လိုပါတယ်။ အပြင်က တခြားနည်းလမ်းနဲ့ကြိုးစားနေတဲ့ အဖွဲ့တွေ လည်းရှိပါတယ်။ ကျန်တဲ့အဖွဲ့တွေကိုလည်း NCA လက်မှတ်ရေးထိုးဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။


စောမြရာဇာလင်း (UPDJC)

ကျွန်မတို့ တိုင်းရင်းသား ကိုယ်စားပြုအနေနဲ့ကတော့ လက်မှတ်ရေးထိုးဖို့ရှိတယ်။ ဒါပေမဲ့ ဆွေးနွေးမှုအပေါ်မှာ မူတည်ပြီးတော့မှ လက်မှတ်ထိုးသင့်မထိုးသင့် စဉ်းစားစရာဖြစ်လာ ပါလိမ့်မယ်။ မူအရကတော့ အစိတ်အပိုင်းတစ်ခု အပေါ်လက်မှတ်ထိုးဖို့ အတွက်ကတော့ စဉ်းစားဖို့အချက်တွေ ရှိလာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေအနေနဲ့ ရှည်လျားတဲ့ငြိမ်းချမ်းရေး ညီလာခံမဖြစ်စေချင်တော့ အတိုင်းအတာတစ်ခုထိ စဉ်းစားမယ်လို့တော့ စဉ်းစားထားကြတာ ရှိပါတယ်။ ကျွန်မတို့ပါတီအနေနဲ့ ကြိုးစားလာတာတော့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက်ပါ။ ကျွန်မတို့ပါတီနဲ့ အခြားတိုင်းရင်းသားတွေနဲ့ တူညီတဲ့အချက်တွေရှိပါတယ်။ သဘာဝသယံဇာတ တွေကို ဘယ်လိုခွဲဝေသုံးစွဲမလဲ၊ အခွန်တွေဘယ်လိုကောက်ခံမလဲ စတာတွေပေါ့။


ဦးခွန်မြင့်ထွန်း (PNLO)

ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုတာ NCA အရကျင်းပတာဖြစ်ပါတယ်။ NCA သဘောတူညီချက်တွေအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် ဒါကအဓိကထားပြီးတက် ရောက်တာ ဖြစ်ပါတယ်။ UNFC မတက်ရောက်နိုင်တာ ကတော့လတ်တလောကိစ္စ၊ ခရီးသွားလာရေး အပါအဝင် အခက်အခဲတွေကြောင့်ပဲ မတက်ရောက်နိုင်တာ လို့ပဲထင်ပါတယ်။ UNFC နဲ့ကျွန်တော်တို့နဲ့ ချင်းမိုင်ထိပ်သီး ဆွေးနွေးပွဲမှာ NCA လမ်းကြောင်းအတိုင်းပဲ သွားကြမယ်လို့ သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ တက်ရောက်ခဲ့တဲ့ အပေါ်မှာလည်း ကျွန်တော်တို့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးက အခြေခံကျတဲ့အတွက်ဒီညီလာခံရဲ့တိုးတက်မှု တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့က ညီလာခံမတိုင်ခင်မှာ ပအိုဝ်းအမျိုးသားအဆင့်လိုက် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကရတဲ့ရလဒ်တွေကို ညီလာခံမှာတင် သွင်းထားတယ်။ နောက်အစုအဖွဲ့တွေက တင်သွင်းထားတဲ့ စာတမ်းတွေကို အဆင့်ဆင့်ဆွေးနွေးခဲ့ပြီး အခုညီလာခံကြီးက အတည်ပြုပေးမှာဖြစ်ပါတယ်။

#Themyawadydaily

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့စုံညီ ညီလာခံ အစည်းအဝေးကျင်းပ



နေပြည်တော် ၂၅-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့စုံညီ ညီလာခံအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ စတင်ကျင်းပသည်။

အစည်းအဝေး၌ သဘာပတိများအဖြစ် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ ဦးဥာဏ်ဝင်း ၊ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း ၊ခိုင်စိုး၊ နိုင်အောင်၊ ဦးစောတင်ဝင်းတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဒေါက်တာတင်မျိုးဝင်းကအဖွင့်အမှာ စကားပြော ကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဦးမျိုးဝင်း၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးနိုင်ငံလင်း ၊ ခွန်မြင့်ထွန်း ၊ ဗိုလ်ချုပ်စိုးနိုင်ဦး နှင့် တာလှဖေတို့က ညီလာခံကျင်းပမည့် ပုံစံရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ကဏ္ဍဆိုင်ရာ အခြေခံမူဝါဒများ တင်သွင်းခြင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒများ တင်သွင်းခြင်း၊ လုံခြုံရေးကဏ္ဍဆိုင်ရာ အစီရင်ခံစာ တင်ပြခြင်းနှင့် ညီလာခံတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး သဘာ ပတိအဖွဲ့ဝင်ဦးဥာဏ်ဝင်းက နိဂုံးချုပ်အမှာ စကားပြော ကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့ စုံညီ ညီလာခံအစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များ အစုအ ဖွဲ့ ၊ တပ်မတော်သား အစုအဖွဲ့၊ အစိုးရကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့တို့က သက်ဆိုင်ရာ အစုအဖွဲ့အလိုက်ညီလာခံတွင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ညီလာခံပထမနေ့ ဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာတာဝန် ရှိသူများက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Friday, August 26, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကို ဂုဏ်ပြု အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ်ခေါင်း ရောင်းချမည်





နေပြည်တော် ၊ ၂၆-၈-၂၀၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ၂ဝ၁၆ ခုနှစ် တိုင်းရင်းသား လူမျိုးများ အားလုံးပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း ၁ဝဝိ/တန်၊ ၂ဝဝိ/တန်၊ ၅ဝဝိ/တန် သုံးမျိုးကို သြဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များ၌ ရောင်းချမည် ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် သြဂုတ် ၃၁ ရက်၌ ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

Sunday, July 31, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ပြီးဆုံး ၊ ဖြည့်စွက်ပြင်ဆင်ချက် များဖြင့် ဘုံသဘောထားများ ရယူစုစည်းနိုင်ခဲ့



မိုင်ဂျာယန် ၊ ၃၁-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက် မှ ၃ဝ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တွင် အဓိက ရည်ရွယ်ချက် နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်း နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေး ချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက် များဖြင့် ဘုံသဘောထား များကို ရယူစုစည်း နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပဉ္စမနေ့ အစည်းအဝေး ကိုနံနက် ၈ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံပြင်ဆင် ရေးသားထားသည့် စာတမ်းများအား တင်သွင်း ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲခြင်း၊ အစည်းအဝေး ထုတ်ပြန် ကြေညာချက်အား ဖတ်ကြား အတည်ပြုခြင်း တို့ကို ပြုလုပ်ခဲ့ ကြသည်။

ယမန်နေ့ အစည်းအဝေးကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့ပြီး အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ကျေးဇူးတင် စကား ပြောကြား၍ သဘာပတိက အခမ်းအနား ပိတ်သိမ်းသည့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Friday, July 29, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ



မိုင်ဂျာယန် ၊ ၂၉-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ပြုလုပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေး တွင် ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ တင်သွင်းခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။

အလှည့်ကျ သဘာပတိ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ''မနက်ဖြန် ကျရင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မူဘောင် သုံးသပ်ချက် (Political Framework Review) အတွက် ဆွေးနွေးဖို့ရှိတယ်။ ဆပ်ကော်မတီ နှစ်ခု လုပ်ထားပါတယ်။ ဆပ်ကော်မတီ(၁) မှာကတော့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေ ပါပါတယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ Review လုပ်ထားတာကို မူကြမ်းအဖြစ် တင်သွင်းမယ်။ အဲ့ဒီအပေါ်မှာ အားလုံးရဲ့ခံယူချက် လိုလားချက်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အားလုံး ပေါင်းလိုက်ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံကို တက်ရောက် နိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတော့ရှိ လိမ့်မယ်လို့ မြင်ပါတယ်'' ဟု သြဂုတ် လဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရန် အတွက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဆွေးနွေးလျက် ရှိသည့် အကြောင်းအရာ များအားလုံး ဘုံသဘော တူညီမှုများ ချမှတ်နိုင်ရန် အတွက် အစည်းအဝေးကို မူလက ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်တာ ကျင်းပရန် သတ်မှတ်ထား သော်လည်း ဇူလိုင် ၃ဝ ရက်အထိ ရက်တိုး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, July 28, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကျင်းပစဉ်

မိုင်ဂျာယန် ၊ ၂၈-၇-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တက်ရောက်နိုင်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် နိုင်ငံရေး ဘုံသဘော တူညီချက်များ ရယူနိုင်ရန် ရည်ရွယ် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေးတွင် သဘာပတိ KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် နှင့် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် တစ်စုတစ်ဖွဲ့တည်း တည်ဆောက်နိုင် မည် မဟုတ်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ဒီမိုကရေစီ အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မှ သာလျှင် အောင်မြင်မှုကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခု အစည်းအဝေး တွင် အားလုံး ဝိုင်းဝန်း ဆွေးနွေးကြပြီး တူညီသော ဘုံသဘော ရပ်တည်ချက်များ ချမှတ်နိုင်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။

ယနေ့ အစည်းအဝေး အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ - ၁ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ဦးဆောင်သူ ကိုးဦးတို့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများ ၏ မေးမြန်းမှု များကို ပြန်လည် ဖြေကြားခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

Wednesday, July 27, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတင်ကျင်းပ


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပစဉ် ၊ ဓာတ်ပုံ-ဖိုးထောင်

မိုင်ဂျာယန် ၊ ၂၇-၇-၂၀၁၆

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ စတင် ကျင်းပသည်။

အစည်းအဝေးနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက် တစ်ရပ်၌ အစည်းအဝေး၏ တရားဝင် ခေါင်းစဉ်အမည် သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဖြစ်ကြောင်း ဖော်ပြထားသည်။

အစည်းအဝေး သဘာပတိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လ က နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် မိမိတို့ UNFC ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ် တွေ့ဆုံခဲ့စဉ် တွင်လည်း တိုက်ပွဲကိစ္စများ ဖြေရှင်းသွားရန် တင်ပြခဲ့ကြောင်း၊ ထို့ပြင် ၂၁ ရာစု ပင်လုံ ညီလာခံသည် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြားတွင် ထားရှိခဲ့ကြသည့် နိုင်ငံရေး ပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်း ဖြစ်ရန် လိုအပ်မည် ဖြစ်သည်ကို တိုက်တွန်းပြောဆို ခဲ့ပါကြောင်း။

မိမိတို့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိမိတို့နှင့် ဆက်စပ် ပတ်သက်နေသော တိုင်းရင်းသား ပြည်သူများ၊ လူမှု အဖွဲ့အစည်း များ၏ တည်ရှိမှုသည် ကာလဒေသ အပေါ်မူတည်ပြီး မတူကွဲပြားမှုများ ရှိနေပါကြောင်း၊ ယနေ့ ယခုအချိန်၏ နိုင်ငံရေး အခင်းအကျင်း တွင် မိမိတို့ တိုင်းရင်းသား များအကြား စုစည်း ညီညွတ်မှုရှိရန် လွန်စွာ အရေးကြီးသည့် အချိန်အခါ ဖြစ်ကြောင်း။

တစ်ဖက်တွင် အစိုးရဘက် ကလည်း နိုင်ငံရေး ပြဿနာများကို ဆွေးနွေး အဖြေရှာနိုင်မည့် အခင်းအကျင်းကို ဖော်ဆောင် နိုင်ရန်အတွက် ၂၁ ရာစု ပင်လုံ ညီလာခံကို ပြုလုပ်သွားမည့် အစီအစဉ် ရှိနေကြောင်း၊ တိုင်းရင်းသား များဘက် ကလည်း ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပုံဖော်သွား နိုင်မည့် ဘုံသဘောထားများ သဘောတူ ချမှတ်သွား နိုင်ရန် လွန်စွာ အရေးကြီးကြောင်း၊ ယနေ့ မျက်နှာစုံညီ အစည်းအဝေးကြီး မှ အားလုံးလက်ခံ သဘောတူညီ နိုင်မည့် ဘုံသဘောထား ရပ်တည်ချက်များ သဘောတူ ချမှတ်သွား နိုင်လိမ့်မည်ဟု လည်း ယုံကြည်ကြောင်း၊ တစ်ဆက်တည်း တင်ပြလို သည်မှာ ယခု မျက်နှာစုံညီ အစည်းအဝေးမှ သဘော တူညီချက် များကို မည်သို့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည် ဆိုသည့် အချက်ကိုလည်း အားလုံးဝိုင်းဝန်း အကြံပြု ဆွေးနွေးသွား စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ဤ အစည်းအဝေး ကို အဓိက ရည်ရွယ်ချက် နှစ်ရပ်အပေါ် အခြေပြုပြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပထမ ရည်ရွယ်ချက်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် အကြိုညှိနှိုင်းရေး ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်မှာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေးတို့ပင် ဖြစ်ကြောင်း။

ယင်း ရည်ရွယ်ချက် နှစ်ရပ် ထမြောက် အောင်မြင်ရန် အတွက် ခေါင်းစဉ်လေးခု ကို အခြေခံပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကျင်းပရေး ကော်မတီ အနေဖြင့် ပြင်ဆင် ထားကြောင်း၊ ပထမ ခေါင်းစဉ်မှာ ပင်လုံလက်စွဲ စာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဒုတိယမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ များအတွက် အခြေခံမူများ၊ တတိယ ခေါင်းစဉ်မှာ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူ များနှင့် နောက်ဆုံး ခေါင်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာသူများ အနေဖြင့် အလေးအနက် ထားပြီး စိတ်ရှည် သည်းခံမှုနှင့် မေတ္တာ စေတနာ ရှေ့ထားပြီး အပြန်အလှန် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဖြင့် တင်ပြဆွေးနွေး ကြရန် မေတ္တာရပ်ခံ လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယား နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang တို့က အမှာစကား ပြောကြား ကြသည်။

ယမန်နေ့ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၊ ချင်း အမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA) ၊ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)၊ မွန်ပြည်သစ်ပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) (မိုင်းလား)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့(UNA) ၊ ''ဝ'' အမျိုးသားအဖွဲ့ချုပ် (WNO) ၊ ပြည်ထောင်စု အင်စတီကျူ့ (PI) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC)တို့ တက်ရောက် ကြသည်။

ယမန်နေ့ အစည်းအဝေးသို့ TNLA (တအာင်း ပလောင်)၊ MNDAA (ကိုးကန့်)၊ NSCN-K (နာဂ)၊ UWSA ''ဝ'' တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း သိရှိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၁)
Related Posts Plugin for WordPress, Blogger...