Social Icons

Pages

Friday, July 29, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ



မိုင်ဂျာယန် ၊ ၂၉-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ပြုလုပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေး တွင် ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ တင်သွင်းခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။

အလှည့်ကျ သဘာပတိ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ''မနက်ဖြန် ကျရင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မူဘောင် သုံးသပ်ချက် (Political Framework Review) အတွက် ဆွေးနွေးဖို့ရှိတယ်။ ဆပ်ကော်မတီ နှစ်ခု လုပ်ထားပါတယ်။ ဆပ်ကော်မတီ(၁) မှာကတော့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေ ပါပါတယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ Review လုပ်ထားတာကို မူကြမ်းအဖြစ် တင်သွင်းမယ်။ အဲ့ဒီအပေါ်မှာ အားလုံးရဲ့ခံယူချက် လိုလားချက်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အားလုံး ပေါင်းလိုက်ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံကို တက်ရောက် နိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတော့ရှိ လိမ့်မယ်လို့ မြင်ပါတယ်'' ဟု သြဂုတ် လဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရန် အတွက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဆွေးနွေးလျက် ရှိသည့် အကြောင်းအရာ များအားလုံး ဘုံသဘော တူညီမှုများ ချမှတ်နိုင်ရန် အတွက် အစည်းအဝေးကို မူလက ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်တာ ကျင်းပရန် သတ်မှတ်ထား သော်လည်း ဇူလိုင် ၃ဝ ရက်အထိ ရက်တိုး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...