Social Icons

Pages

Showing posts with label ရေလုပ်ငန်း. Show all posts
Showing posts with label ရေလုပ်ငန်း. Show all posts

Monday, September 17, 2018

မြန်မာရေလုပ်သားများအတွက် လိုအပ်သည့်တရားမဝင်အထောက်အထားများကို ယခုလမှစတင်၍ ဆောင်ရွက်ပေးသွားမည်



နေပြည်တော် ၁၇-၉-၂၀၁၈

ထိုင်းနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု အထောက်အထားမရှိဘဲ လုပ်ကိုင်နေကြသည့် မြန်မာရေ လုပ်သားများအတွက် လိုအပ်သည့် တရားဝင် အထောက်အထားများကို စက်တင်ဘာလမှ စတင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ရာတွင် အချို့သော အလုပ်သမားများမှာ တရားမဝင် သွားရောက်လုပ်ကိုင် နေကြရာမှ အထောက်အထားမဲ့ တရားမဝင် လုပ်သားများအဖြစ် အခက်အခဲဖြစ် နေကြရကြောင်း သိရသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ ရေလုပ်ငန်းများတွင် အထောက်အထားမဲ့ တရားမဝင်သွားရောက် လုပ်ကိုင်မှုများ ရှိနေသောကြောင့် ထိုင်းနိုင်ငံ ရေလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာရေ လုပ်သားများထဲမှ အထောက်အထား မရှိသူများ၊ ယာယီနိုင်ငံကူး လက်မှတ်သက်တမ်း (သို့မဟုတ်) မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) သက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများ၊ ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများ အတွက် လိုအပ်သည့် အထောက်အထားများကို ယခုလမှ စတင်၍ One Stop Service ဖြင့်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, July 24, 2018

ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်လိုအပ်နေ



ရန်ကုန် ၂၄-၇-၂ဝ၁၈

မြန်မာနိုင်ငံတွင် ရေလုပ်ငန်း ကဏ္ဍဖြစ်သည့် ငါးမွေးမြူရေး၊ နိုင်ငံခြာတင်ပို့ ရောင်းချခြင်း စသည်တို့နှင့် ပတ်သက်ဆက်နွှယ် နေသည့် လုပ်ငန်းအားလုံး ဖွံ့ဖြိုးတိုးတက်လာရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် ပြည်ပတင်ပို့ရာတွင် ငါးဈေးကွက်အတွင်း ကုန်ချိန် လိုအပ်ချက် အာမမခံနိုင်ခြင်း၊ နိုင်ငံခြားသို့ တင်ပို့နိုင်မည့် ဈေးကွက် ကောင်းမွန်သည့် ငါးမျိုးများ မမွေးမြူနိုင်ခြင်း၊ ငါးစာကုန်ကြမ်းများ မှာလည်း ဈေးမြင့်တက် နေခြင်းများ ဖြစ်နေကြောင်း သိရသည်။

ပြည်ပတင်ပို့သူများ အနေဖြင့်လည်း နိုင်ငံတကာ ဈေးကွက်ရှိ ငါးအခြေအနေနှင့် လိုအပ်သည့် ကုန်ချိန်များကို ငါးမွေးတောင် သူများနှင့် ချိတ်ဆက်လုပ်ဆောင် နေရမည်ဖြစ်ကြောင်း၊ အစာဈေး မမြင့်တက်ရေး နှင့်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင် နေသူများနှင့် ငါးမွေးတောင်သူများကြား ချိတ်ဆက်လုပ်ဆောင် မှုများလည်း ရှိထားမည်ဆိုပါက ရေလုပ်ငန်းမှာဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

"အားလုံးလိုအပ် နေတာပါ။ မွေးမြူရေး သမားကလဲ ဈေးကွက်လိုအပ် ချက်ကိုမသိဘူး။ အစာကလဲ စိုက်ပျိုးနေသူတွေနဲ့ မွေးမြူသူတွေက ချိတ်မိမနေဘူး ဖြစ်နေတယ်။ အဲဒီတော့ မွေးချင်တာ မွေးနေကြတယ်။ ပြည်ပတင်ပို့မှုကလဲ ဈေးကွက်လိုအပ် နေတဲ့ငါးတွေ အရေအတွက်မရရင် ထိခိုက်မှာပါပဲ"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှာ အမေရိကန် ဒေါ်လာသန်း ၇ဝဝ ပင်မပြည့်သည့် အခြေအနေတွင် ရှိနေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ အကူညီများ ရရှိနိုင်ရန်လည်း လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 28, 2018

ငှက်သိုက်ရှာဖွေ စုဆောင်းသူများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေ



မြိတ် ၂၈-၆-၂ဝ၁၈

ငှက်သိုက်စုဆောင်း ချိန်နီးကပ်လာ နေပြီဖြစ်၍ ငှက်သိုက်ရှာဖွေ စုဆောင်းသူများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ကြောင်း မြိတ်မြို့နယ် ဒေသခံ နေထိုင်သူများနှင့် ငှက်သိုက်ရောင်းချ သူများထံမှ သိရသည်။

အဆိုပါ ငှက်သိုက်များမှာ ဇီဝဇိုးငှက်ငယ်များ၏ အသိုက်များ ဖြစ်ပြီး မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ၊ ဧပြီလ၊ သြဂုတ်လတို့တွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အဆိုပါငှက်သိုက်များကို ရှာဖွေစုဆောင်းရန်အတွက်၂ဝ၁၅ ခုနှစ်မှစတင်ကာ အချိန်ကာလ သတ်မှတ်ပေးခဲ့ပြီး ငှက်သိုက်ရှာဖွေ စုဆောင်းချိန်ကို မတ်လပထမ ပတ်မှဒုတိယပတ်၊ ဧပြီလပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်နှင့်နိုဝင်ဘာ ၂၁ရက်မှ နိုဝင်ဘာလ ကုန်ထိတစ်နှစ်လျှင် လေးကြိမ်ရှာဖွေ စုဆောင်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုအခါ တတိယအကြိမ် ငှက်သိုက်ရှာဖွေ စုဆောင်းခွင့် ပြုပေးချိန်သို့ ရောက်ရှိရန်နီးကပ် နေပြီဖြစ်၍ ငှက်သိုက်ရှာဖွေ စုဆောင်းသူများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်ရှာဖွေ စုဆောင်းသူများသည် ကျောက်ဆောင်၊ လိုဏ်ဂူအတွင်း နံရံကို ခက်ခဲစွာတက်ရောက်၍ ငှက်သိုက်များကို ခူးဆွတ်နိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား လိုက်လံစုဆောင်းကြပြီး စုဆောင်းရရှိလာသည့် ငှက်သိုက်များကို ဒေသတွင်း ဈေးကွက်များသို့ ပြန်လည်ရောင်းချ ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရှိနေရသော်လည်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ငှက်သိုက်ကျွန်းပေါင်း ၃၂ ကျွန်းမှသာ အဖိုးတန်းငှက်သိုက်များ ထွက်ရှိနေခြင်းဖြစ်သည်။ မြိတ်ကျွန်းစုတွင် ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှ၊ ကော့ငန်းကျွန်းစုများမှ အများဆုံး ရရှိနေပြီး အဆိုပါ ကျွန်းစုများအနက် မလိကျွန်းမှ ငှက်သိုက် အများဆုံးရရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, December 28, 2017

မြန်မာရေချိုပုစွန်တုပ် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရန်ဆောင်ရွက်နေ



ရန်ကုန် ၂၈-၁၂-၂ဝ၁၇

မြန်မာနိုင်ငံမှ ရှူးတစ်စတားကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ ဘိုင်အိုတက်စ်ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာရေချိုပုစွန်တုပ်ကို မွေးမြူကာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှဌေးထံမှ သိရသည်။

မြန်မာမျိုးရင်းစစ် ရေချိုပုစွန်တုပ် မျိုးသားပေါက်များကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ မွေးမြူမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း မျိုးဖောက်မွေးမြူနိုင်ပါက ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖြန့်ဖြူး တင်ပို့နိုင်မည် ဖြစ်သည်။

''လက်ရှိ မွေးမြူထားတဲ့ မျိုးပုစွန်တုပ်တွေကို မယူပါဘူး။ ထိုင်းနိုင်ငံက ဘိုင်အိုတက်စ်ကုမ္ပဏီရဲ့ အကူအညီနဲ့ ကန်ထဲမှာ သဘာဝအတိုင်း မျိုးစပ်ပြီး ရေချိုပုစွန်တုပ်တွေကို မွေးမြူသွားမယ်။ အကောင်ရေ သိန်း ၄ဝ အထိ မွေးမြူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မွေးမြူပြီးရလာတဲ့ သားပေါက်တွေအားလုံးကို မျိုးအဖြစ် ပြည်တွင်းမှာပဲ ဖြန့်ဖြူးဖို့ရှိတယ်။ ဈေးနှုန်းကိုလည်း လက်ရှိဈေး ထက်လျှော့ချပြီး ရောင်းချပေးမယ်။ တကယ်လို့ ပြည်တွင်းမှာ ဝယ်ယူသူ မရှိဘူးဆိုရင် ထိုင်းနိုင်ငံကို တင်ပို့မှာပါ''ဟု ဦးလှဌေးက ပြောသည်။

ထို့ပြင် မြန်မာမျိုးရင်းစစ် ရေချိုပုစွန်တုပ်ကို မျိုးဖောက်ရန် ဧရာဝတီတိုင်း ဒေသကြီးဘိုကလေး၊ ဖျာပုံနှင့် လပွတ္တာမြို့နယ်တို့၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် တွံတေးမြို့နယ် မွေးမြူရေးကန်၌ တစ်ဧကလျှင် ရေချိုပုစွန်တုပ်အကောင်ရေ နှစ်သောင်းမှ သုံးသောင်းအထိ မွေးမြူနိုင်သောကြောင့် ထိုင်းနိုင်ငံ၏ နည်းပညာအကူအညီဖြင့် မြန်မာ့မျိုးရင်းစစ် ရေချိုပုစွန်တုပ်ကို အကောင်ရေသိန်း ၄ဝ အထိ မျိုးဖောက်၍ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, December 26, 2017

ငါးဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ငါးမုန့်လုပ်ငန်းများ တွက်ခြေမကိုက်ဖြစ်လာ



စစ်တွေ ၂၆-၁၂-၂၀၁၇

ပြည်သူများ ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသည့်ငါးမုန့်မှာ ငါးဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လုပ်သားအင်အား ရှားပါးလာခြင်းတို့ကြောင့် တွက်ခြေမကိုက် ဖြစ်နေကြောင်း စစ်တွေမြို့ငါးမုန့်လုပ်ငန်းရှင် ကိုစောထွန်းထံမှ သိရသည်။

စစ်တွေမြို့၌ ငါးမုန့်အဓိက ဖြန့်ဖြူးသည့် ဒိုင် ၁ဝ ခုကျော်မှ မြန်မာနိုင်ငံ အနှံ့အပြားသို့ ငါးမုန့်တင်ပို့ရောင်းချ လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ အများအပြား တင်ပို့ရောင်းချကြောင်း သိရသည်။''အရင်က ငါးမုန့်ထုတ်လုပ်ဖို့ ငွေကျပ်ငါးသိန်း ကျော်လောက်ပဲ ရင်းရတယ်။ အခုချိန်မှာ ငွေကျပ် ၁ဝ သိန်းလောက်ရင်းမှပဲ ငါးမုန့်ထုတ်ဖို့ လုံလောက်တယ်။ ငါးမုန့်ကို လူကြိုက်များပြီး ဈေးကွက်ရှိပေမယ့် ငါးအရနည်းတာကြောင့် တွက်ခြေမကိုက်ဘူး။ ငါးဈေးနှုန်းတွေကလည်း မြင့်တက်နေသလို အလုပ်သမားတွေကလည်း တဖြည်းဖြည်းရှားပါး လာတဲ့အတွက် နောက်ပိုင်း ငါးမုန့်လုပ်တဲ့လုပ်ငန်းတွေက တဖြည်းဖြည်းပျောက်ကွယ် သွားနိုင်တယ်'' ဟု ငါးမုန့်လုပ်ငန်းလုပ်ကိုင်သူ ကိုစောထွန်းက ပြောသည်။

ထို့ပြင် ငါးမုန့်လုပ်ငန်းများ၌ လုပ်ကိုင်သည့် ကျွမ်းကျင်လုပ်သားများလည်း ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသဖြင့် လုပ်သားရှားပါးမှုနှင့် တွေ့ကြုံနေရကြောင်း သိရသည်။

#Themyawadydaily

Monday, October 16, 2017

ရေမီတာစနစ်ဖြင့် မြို့လုံးခြုံ၍ ရေဖြန့်ဝေပေးနိုင်ရန် လုပ်ငန်းများဆောင်ရွက်



လားရှိုး ၁၆-၁၀-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့ပေါ်ရပ်ကွက်များကို ရေမီတာစနစ်ဖြင့် မြို့လုံးခြုံ၍ ရေပေးဝေနိုင်ရန် ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ ရေမီတာများ တပ်ဆင်ခြင်းနှင့် ရေငုတ်ဘားများ ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းလားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာ ရေပေးဝေရေး တာဝန်ခံ ဦးချမ်းသာအောင်ထံမှ သိရသည်။

လားရှိုးမြို့သည် တောင်ကုန်းတောင်ချိုင့်ဝှမ်းများတွင် မြို့တည်ဆောက်ထားပြီး ရပ်ကွက် ၁၂ ခုရှိသည့်အနက် ရပ်ကွက်(၉) တစ်ခုတည်းသာ စည်ပင်မှဖြန့်ဝေ ပေးသောရေကို သုံးစွဲခြင်းမရှိဘဲ ကျန်ရပ်ကွက် ၁၁ခုသည် စည်ပင်
သာယာရေးဦးစီးဌာနမှ ဖြန့်ဝေပေးသောရေများကို နွေမိုးဆောင်း သုံးစွဲလျက်ရှိရာရပ်ကွက် တည်နေရာအလိုက် ကုန်းအနိမ့်အမြင့်များ ရှိသဖြင့် အဆိုပါရေအသုံးပြုသော ရပ်ကွက်များရှိ ပြည်သူများ ရေမျှတစွာ အသုံးပြုနိုင်ရေး အတွက်ရေဖြန့်ပေးဝေနိုင်ရန် ရေထွက်ငါးခုရှိကြောင်း သိရသည်။

အဆိုပါ ရေထွက်များမှာ ကုန်းမွန်စိမ့်စိမ်းရေနှင့် နမ့်ကျန်ဆည်မှ ရေသွယ်တန်းယူကာ ရေကန်တောင်မှတစ်ဆင့် ရပ်ကွက် (၁၊၂၊၃၊၄၊၅၊၆၊၇) တို့ကိုလည်းကောင်း၊ နမ့်ခိုက်ရေပေးရေးမှ ရပ်ကွက် (၁) နယ်မြေ(၇၊၈)တို့ကို လည်းကောင်း၊ အဝေရာဆည်ရေပေးရေးမှ ရပ်ကွက် (၈၊၁ဝ ၊၁၂) နှင့် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများကို လည်းကောင်း၊ မြို့ဝမ်ရေပေးရေးမှ ရပ်ကွက် (၁၊၁ဝ၊၁၁) တို့ကိုလည်းကောင်း၊ ကောက်ကွေ့ဆည်ရေပေး
ရေးမှ ရပ်ကွက် (၁၊၇၊၈၊၁ဝ၊၁၁) ရပ်ကွက်တို့ကို လည်းကောင်း စုစုပေါင်းရေတိုင် ၇ဝ၄ခု ထားရှိ၍ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း ရေပေးဝေရေးတာဝန်ခံ ဦးချမ်းသာအောင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, June 27, 2017

ရေလုပ်ငန်းများ ရပ်နားထားပြီး ပြည်ပမှကုန်ကြမ်း အဝယ်သွက်နေ၍ ပြည်တွင်းမျှင် ငါးပိဈေးနှုန်းများ မြင့်တက်လာ



ဘိုကလေး ၂၇-၆-၂၀၁၇

မိုးဥတု ရေလုပ်ငန်းများ မိုးခိုရပ်နားမှု၊ အဖမ်းအဆီးနည်းပါးမှုနှင့် ပြည်ပမှကုန်ကြမ်း အဝယ်သွက်နေ၍ ပြည်တွင်း မျှင်ငါးပိဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း ဘိုကလေးမြို့နယ် ပင်လယ်ကမ်းခြေဒေသ ပင်လယ်ရေလုပ် သားများ ၏ ပြောပြချက်များအရ သိရသည်။

မျှင်ငါးပိများ ထွက်ရှိသည့် ပင်ရင်းဒေသ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသရှိ ပင်လယ်ရေလုပ်ငန်း အများစုသည် မိုးဥတုတွင်ရာသီဥတု အခြေအနေများ ကြောင့်ပင်လယ် ငါးဖမ်းလုပ်ငန်းများကိုရပ်နားထားကြပြီး တော်သလင်း၊ သီတင်းကျွတ်လတို့တွင် ပင်လယ်ငါးဖမ်း လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် လေ့ရှိကြသည်။

ထို့ကြောင့် မိုးဥတုတွင် ပင်လယ်ရေလုပ်ငန်း အများစုမှာ မိုးခိုရပ်နား နေကြသဖြင့် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်ထွက်ရှိမှုများ လျော့ကျကာ ဈေးနှုန်းများ မြင့်တက် လာလေ့ရှိသည်။ သို့သော် ယခုနှစ်တွင် မျှင်ငါးပိကုန်ကြမ်းများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အဝယ်သွက်နေ၍ ပြည်တွင်းတွင် ကုန်ကြမ်းရှားပါးလာကာ မျှင်ငါးပိ ဈေးနှုန်းများ ပိုမိုမြင့်တက် လာခဲ့သည်။ မျှင်ငါးပိကုန်ကြမ်း ဈေးနှုန်းများမှာ ပင်ရင်းဒေသများတွင် ယခင်နှစ် မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝမှ ငွေကျပ် ၅ဝဝ ထိသာ ပေါက်ဈေး ရှိနေခဲ့သော်လည်း ယခုနှစ်မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝမှ ငွေကျပ် ၁၃ဝဝထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

မျှင်ငါးဈေးနှုန်း များမှာလည်း ယခင်နှစ် မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝသာ ပေါက်ဈေး ရှိနေခဲ့သော်လည်း ယခုနှစ် မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝ မှ ငွေကျပ် ၂၅ဝဝထိ ပေါက်ဈေးဖြစ်နေပြီး ရန်ကုန် မြို့နှင့် အထက်အညာဒေသ ဈေးကွက်များတွင် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝမှ ငွေကျပ် ၄ဝဝဝထိ ပေါက်ဈေးရရှိ နေကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...