Social Icons

Pages

Tuesday, June 27, 2017

ရေလုပ်ငန်းများ ရပ်နားထားပြီး ပြည်ပမှကုန်ကြမ်း အဝယ်သွက်နေ၍ ပြည်တွင်းမျှင် ငါးပိဈေးနှုန်းများ မြင့်တက်လာ



ဘိုကလေး ၂၇-၆-၂၀၁၇

မိုးဥတု ရေလုပ်ငန်းများ မိုးခိုရပ်နားမှု၊ အဖမ်းအဆီးနည်းပါးမှုနှင့် ပြည်ပမှကုန်ကြမ်း အဝယ်သွက်နေ၍ ပြည်တွင်း မျှင်ငါးပိဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း ဘိုကလေးမြို့နယ် ပင်လယ်ကမ်းခြေဒေသ ပင်လယ်ရေလုပ် သားများ ၏ ပြောပြချက်များအရ သိရသည်။

မျှင်ငါးပိများ ထွက်ရှိသည့် ပင်ရင်းဒေသ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသရှိ ပင်လယ်ရေလုပ်ငန်း အများစုသည် မိုးဥတုတွင်ရာသီဥတု အခြေအနေများ ကြောင့်ပင်လယ် ငါးဖမ်းလုပ်ငန်းများကိုရပ်နားထားကြပြီး တော်သလင်း၊ သီတင်းကျွတ်လတို့တွင် ပင်လယ်ငါးဖမ်း လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် လေ့ရှိကြသည်။

ထို့ကြောင့် မိုးဥတုတွင် ပင်လယ်ရေလုပ်ငန်း အများစုမှာ မိုးခိုရပ်နား နေကြသဖြင့် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်ထွက်ရှိမှုများ လျော့ကျကာ ဈေးနှုန်းများ မြင့်တက် လာလေ့ရှိသည်။ သို့သော် ယခုနှစ်တွင် မျှင်ငါးပိကုန်ကြမ်းများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အဝယ်သွက်နေ၍ ပြည်တွင်းတွင် ကုန်ကြမ်းရှားပါးလာကာ မျှင်ငါးပိ ဈေးနှုန်းများ ပိုမိုမြင့်တက် လာခဲ့သည်။ မျှင်ငါးပိကုန်ကြမ်း ဈေးနှုန်းများမှာ ပင်ရင်းဒေသများတွင် ယခင်နှစ် မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝမှ ငွေကျပ် ၅ဝဝ ထိသာ ပေါက်ဈေး ရှိနေခဲ့သော်လည်း ယခုနှစ်မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝမှ ငွေကျပ် ၁၃ဝဝထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

မျှင်ငါးဈေးနှုန်း များမှာလည်း ယခင်နှစ် မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝသာ ပေါက်ဈေး ရှိနေခဲ့သော်လည်း ယခုနှစ် မိုးဥတုတွင် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝ မှ ငွေကျပ် ၂၅ဝဝထိ ပေါက်ဈေးဖြစ်နေပြီး ရန်ကုန် မြို့နှင့် အထက်အညာဒေသ ဈေးကွက်များတွင် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝမှ ငွေကျပ် ၄ဝဝဝထိ ပေါက်ဈေးရရှိ နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...