Social Icons

Pages

Showing posts with label အထိမ်းအမှတ်နေ့များ. Show all posts
Showing posts with label အထိမ်းအမှတ်နေ့များ. Show all posts

Wednesday, February 20, 2019

(၇၁)နှစ်မြောက် ဇိုမီး အမျိုးသားနေ့ စည်ကားစွာ ကျင်းပမည်

(၇၁)နှစ်မြောက် ဇိုမီး အမျိုးသားနေ့ စည်ကားစွာ ကျင်းပမည်
-
ကလေး ဖေဖော်ဝါရီ ၁၉ 
-
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးမြို့သဇင်ရပ်ကွက်နယ်မြေ(၅) မြို့ပတ်လမ်းရှိ မြန်မာနိုင်ငံ ဇိုမီးနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးဝင်းဇိုမီးခန်းမ၌ ဖေဖော်ဝါရီ၁၉ ရက်တွင် (၇၁)နှစ်မြောက်ဇိုမီးအမျိုးသားနေ့ အခမ်းအနားကိုစည်ကားစွာကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 
-
''ဇိုမီးတွေပဲ စုပေါင်း နေထိုင်တဲ့နေရာမှာဇိုမီးအမျိုးသားနေ့ကို ကျင်းပလာခဲ့တာလည်း ကြာပါပြီ။ ဇိုမီးအမျိုးသားတွေဟာ တီးတိန်၊တွန်းဇံ၊ ကျီခါးမြို့နယ်အတွင်းနဲ့ ကလေးကဘော် ယောချိုင့်ဝှမ်းတွေမှာ အများဆုံး နေထိုင်ကြပါတယ်။ အခုကျင်းပခြင်းဟာ ဇိုမီးဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ဇိုမီးသမိုင်းကြောင်း တွေကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ ဇိုမီးရိုးရာယဉ်ကျေးမှုတွေ ဖြစ်ကြတဲ့ ခွာဒိုပွဲ၊ ရှာလ်ဆောမ်းပွဲတွေ ကိုလည်း နှစ်စဉ်ကျင်းပ ပါတယ်''ဟု ပွဲကျင်းပရေး ကော်မတီမှ ဦးခေါမ်းကျင့်ခုပ်က ပြောသည်။ 
-
အဆိုပါ ပွဲတော်တွင် ရိုးရာနှင့် ပတ်သက်သည့် စာပေဟောပြောပွဲ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များမှ အကပဒေသာများဖြင့် ဖျော်ဖြေကပြခြင်း၊ ဇိုမီးလူငယ်အဖွဲ့မှ ဇိုမီးလူမျိုးနွယ်များ၏ ဘိုးဘွားများ၏ရိုးရာအမွေအနှစ် ထိန်းသိမ်းထားရှိသော ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ တွဲဖက်၍ ရိုးရာဝတ်စားဆင်ယင်မှုများဖြင့် သရုပ်ပြသည့် ခေတ်ပေါ်ရိုးရာဝတ်စုံ ဖက်ရှင်နှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းစသည့် ပျော်ပွဲရွှင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ 
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 13, 2019

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
-
ဟားခါး  ဖေဖော်ဝါရီ  ၁၂ 
-
ယခုနှစ်(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဟားခါးမြို့ ဦးဝမ္မသူးမောင် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 
-
ချင်းတိုင်းရင်းသား တို့၏ အမျိုးသား လက္ခဏာ တစ်ရပ်အဖြစ် ကျင်းပမည့် ချင်းအမျိုးသား နေ့တွင် ရှေးအစဉ်အဆက် နေထိုင်လာခဲ့ကြသောချင်းလူမျိုးတို့၏ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည့် လူနေမှုဘဝ၊ရိုးရာဝတ်စား ဆင်ယင်မှုများကို ပြည်နယ်ဝန်ကြီးဌာန ဆိုင်ရာ အသီးသီးက ပြခန်းများ ပြုလုပ်၍ ခင်းကျင်းပြသခြင်း၊ ရိုးရာအသုံးအဆောင် ပစ္စည်းများ ပြသခြင်း၊ ရိုးရာဓလေ့ဖြစ်သော ခွမ်ကြွဲပွဲနှင့် အထွတ်အမြတ်ဘွေ့တိုင်စိုက်ထူပွဲ အပါအဝင် ချင်းတိုင်းရင်းသား မျိုးနွယ်စုများ၏ မတူညီသော ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ ရိုးရာတေး သရုပ်ဖော်အကနှင့် ညပိုင်းတွင် စင်တင်တေးဂီတ အဖွဲ့နှင့်အတူ ချင်းတိုင်းရင်းသားအဆိုတော် နီလဲန်ပါရ်မွေး၊ အာထန်းနှင့်ဟားခါးမြို့မှ တေးသံရှင်များမှ ခေတ်ပေါ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်မှုများ၊ ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်နှင့် ဈေးအရောင်းဆိုင်များ၊ ရိုးရာနပန်းပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း စီစဉ်ထားကြောင်း သိရသည်။ 
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

အမြို့မြို့အနယ်နယ်၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

အမြို့မြို့အနယ်နယ်၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင်  မြို့မရပ်ကွက်ရှိ လွတ်လပ်ရေး ပန်းခြံ၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် တက်ရောက်လာကြသူများကနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်  အာဇာနည် ခေါင်းဆောင်ကြီးများအားအလေးပြုပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ဖတ်ကြားသည်။ 
-
ဆက်လက်၍ အထက်တန်း၊အလယ်တန်းအဆင့်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်း၊ ခရိုင်ခေတ္တ အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့က ပေးအပ်သည်။ 
-
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြကြောင်းသိရသည်။ 
-
ချမ်းသာ(မိတ္ထီလာ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, January 21, 2019

မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ် အမေများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ် အမေများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
-
မိုင်းဆတ် ဇန်နဝါရီ  ၂ဝ
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ အဖြူရောင် လူငယ်အဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ ဆဋ္ဌမအကြိမ်  အမေများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်မယ်ဆွမ်တောင်ရပ်ကွက်  မြို့ဦးကျောင်းတိုက် ဓမ္မာရုံ၌   ကျင်းပကြောင်း   သိရသည်။
-
ရှေးဦးစွာအဖြူရောင်လူငယ်အဖွဲ့မှ ကိုဇင်မင်းသူက အမေကြီးများအား ပူဇော်ကန်တော့ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး အသက် ၇ဝ နှစ်နှင့်အထက် ကန်တော့ခံအမေကြီးများအား အခမ်းအနား တက်ရောက် လာကြသူများက သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။
-
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ အဖြူရောင် လူငယ်အဖွဲ့ဝင်များနှင့် အလှူရှင်တို့က တစ်ဦးလျှင် ငွေကျပ် ၂၁ဝဝဝ နှုန်းဖြင့် ဆေးဝါး၊ စောင်၊ ကွေကာအုပ်၊ ခေါက်ဆွဲထုပ် ၊ကြက်ဥနှင့်ငွေသားတို့ကို   ပေးအပ်လှူဒါန်းသည်။
-
ဆက်လက်၍ အဖြူရောင်လူငယ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းလွမ်းက အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
-
အဆိုပါ အခမ်းအနားသို့ ကန်တော့ခံအမေကြီး၂၈ဝ ဦး တက်ရောက်ကြပြီး အခမ်းအနား မတက်ရောက်နိုင်သည့် အမေကြီး ၄၂ ဦးအား အဖြူရောင် လူငယ်အဖွဲ့ဝင်များက  အိမ်တိုင်ရာရောက်သွားရောက် ကန်တော့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 15, 2019

ကယားပြည်နယ်နေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်

ကယားပြည်နယ်နေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်
-
လွိုင်ကော် ဇန်နဝါရီ ၁၄ 
-
(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသား၂၅ဝ ဦး၊ အမျိုးသမီး ၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်းသိရသည်။ 
-
ရှေးဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို ဒီးမော့ဆိုမြို့နယ် အားကစားကွင်းရှေ့၌ တာလွှတ်ရာ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ပန်းဝင်ကြပြီး ဆုရရှိသော ကစားသမားများကို အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်)မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်သည်။ 
-
အမျိုးသားပြိုင်ပွဲတွင် အောင်ကျော်မြင့် ပထမ၊ မျိုးမင်းသိန်း ဒုတိယ၊ အောင်စိုးလှိုင် တတိယ၊ လွီးဇီ စတုတ္ထ၊ ရဲလင်းအောင် ပဉ္စမတို့ ရရှိပြီး အမျိုးသမီးပြိုင်ပွဲတွင် မလွီးဇာ ပထမ၊ မကိုမြာမိုးဘူး ဒုတိယ၊ မယွန်းရွှေရည်ဝင်း တတိယ၊ မရီးမြာ စတုတ္ထ၊ မကေသီအောင် ပဉ္စမတို့ အသီးသီးရရှိပြီး ပထမဆုငွေကျပ် သုံးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်းခွဲ၊ တတိယဆုငွေကျပ် နှစ်သိန်း၊ စတုတ္ထဆုငွေကျပ် တစ်သိန်းခွဲ၊ ပဉ္စမဆုငွေကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆု ရရှိသော အမျိုးသား ၄ဝ ဦး၊ အမျိုးသမီး ၄ဝ ဦးအား ဆုများ ပေးအပ်ကြောင်း သိရသည်။ 
-
ရီရယ်(ဒီးမော့ဆို)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, January 7, 2019

ဘားအံမြို့နယ် ကမော့ကပိုကျေးရွာ၌ ကရင်ရိုးရာနှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စားပွဲတော် ကျင်းပ


ဘားအံမြို့နယ် ကမော့ကပိုကျေးရွာ၌ ကရင်ရိုးရာနှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စားပွဲတော် ကျင်းပ
-
ဘားအံ   ဇန်နဝါရီ   ၆ 
-
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ  ကမော့ကပိုကျေးရွာ၌ (၃) ကြိမ်မြောက် ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲ တော်ကို ယနေ့တွင်ကျင်းပရာ ကျေးရွာပေါင်း ၃ဝ ကျော်မှ ဒေသခံများတက်ရောက်ကြသည်။ အဆိုပါပွဲတော်ကို ဆန်ရေစပါးပေါများစေရန်နှင့် နယ်ဝေးရောက်ရှိ နေသူများ ပြန်လည်ဆုံစည်းနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''မနက်ပိုင်းမှာ   အလံတင် အခမ်းအနား ကျင်းပပြီး ကောက်သစ်စားပွဲတော်ကို ဆက်ပြီး ကျင်းပပါတယ်။ ဒီရွာမှာ သုံးကြိမ်မြောက် ကျင်းပတာပါ'' ဟု   ရှေ့မူလ  ကရင်စာပေ အသင်းလိုက်ခွေါင်ကော်မှ အကြံပေးနှင့် အတိုင်ပင်ခံ ဦးစောမောင်ကြီး ကပြောသည်။ ကရင်နှစ်သစ်ကူးနှင့်  ကောက်သစ်စားပွဲတော်ကို  နှစ်စဉ် ပြာသိုလဆန်း ၁ ရက်တွင် ကျင်းပလေ့ရှိပြီး ရပ်ဝေးသို့ ရောက်ရှိနေသည့် ညီအစ်ကိုမောင်နှမများ ပြန်လည်တွေ့ဆုံကာ တစ်နှစ်အတွင်း စိုက်ပျိုးရာမှ ရရှိလာသည့်  ကောက်ပဲ သီးနှံများကို ဝတ်ပြုဆုတောင်းကာ  စားသောက်လေ့ရှိသည်။ 
-
အဆိုပါပွဲတော်သို့ ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘီးလင်း စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၃ဝ ကျော်မှ ဒေသခံများ လာရောက်ကြကြောင်း သိရသည်။ ''နှစ်သစ်ကူးဆုတောင်းအနေနဲ့  ကရင်တိုင်းရင်းသားအားလုံး  စုစုစည်းစည်းနဲ့ စည်းလုံးညီညွတ် ကြပါစေလို့ ဆုတောင်းပါတယ်'' ဟု ပွဲတော်သို့ လာရောက်သူ ကိုစောအောင်နိုင်ဦး ကပြောသည်။ 
-
ယနေ့တွင်  ကရင်ပြည်နယ် အပါအဝင် ကရင်တိုင်းရင်းသားများ  အများစုနေထိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လည်း ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်ကို ကျင်းပကြောင်း သိရသည်။
-



#မြ၀တီနေ့စဉ်သတင်းစာ

တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ပြုလုပ်

တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ပြုလုပ်
-
နေပြည်တော်   ဇန်နဝါရီ  ၆ 
-
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ   ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက ကရင်အမျိုးသား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက အမှာစကားများနှင့် သဝဏ်လွှာဖတ်ကြားခြင်းများ ဆောင်ရွက်ကြ သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ပြုလုပ်

(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ပြုလုပ်
-
နေပြည်တော် ဇန်နဝါရီ ၆ 
-
(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၁၉)ရပ်ကွက် ပကူးသာသနာ ခရစ်ယာန်ကျောင်း ဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊   မြို့မိမြို့ဖများ၊   ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ (၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့်  တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းဒေသကြီး၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ဆရာတော် ဘဒ္ဒန္တကုသလက နှစ်သစ်ကူးသြဝါဒစကား မိန့်ကြားသည်။  
-
ထို့နောက်  တိုင်းမှူးနှင့် မြို့မိမြို့ဖများ၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူတစ်ဦးက ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 2, 2019

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ   ၁ 
-
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။ 
-
ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် သင်တန်းများ၊ အားကစား ပြိုင်ပွဲများနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျ ခန်းမ၌ ဆက်လက်ပြုလုပ်ရာသင်တန်းထူးချွန်ဆုနှင့် အားကစား ထူးချွန်ဆုရရှိသူ အရာရှိ၊ စစ်သည်များ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေးနှင့် စိုက်ပျိုးမွေးမြူရေး အကောင်းဆုံးဆု ရရှိသူများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက  ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 27, 2018

ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။ ရှေးဦးစွာ ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် 
အခမ်းအနားကို ပညာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ဘာသာရပ် ၁၁ ခုဖြင့် ပါမောက္ခချုပ် အပါအဝင် ဆရာ ၁၄ ဦးဖြင့် စတင်သင်ကြားခဲ့ကြောင်း၊  ဒဂုံတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းမှုဖြင့် ယခုအချိန်တွင် ဘာသာရပ်ဌာန ၂၂ ခုမှ ဘာသာရပ်ပေါင်း ၂၆ ခုအထိ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း၊၂၅ နှစ်တာ ဖြတ်သန်းခဲ့ရသော ဒဂုံတက္ကသိုလ်၏ အတွေ့အကြုံများမှ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက် အားကောင်းစေရန်နှင့် အခက်အခဲ မပြည့်စုံမှု၊စိန်ခေါ်မှုများကို ပြန်လည်ပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ပေးခြင်း၊ သုတေသန လုပ်ငန်းများကိုလည်း    ဒေသအကျိုးပြု၊   နိုင်ငံအကျိုးပြု၊ ကမ္ဘာ့အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုမည့် တီထွင်ဆန်းသစ်မှုများအထိပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။ ဒဂုံတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် ''စိတ်ထားကောင်းမြတ်၊ ကျင့်ဝတ်လိုက်နာ၊ ပညာထူးချွန်၊ လူရည်မွန်များ၊ မွေးဖွားရိပ်ခို၊ တို့တက္ကသိုလ်''ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆရာ၊ဆရာမများ၊ စီမံခန့်ခွဲသူများ၊ ကျောင်းသား၊ ကျောင်းသူ များ အနေဖြင့် အမိတက္ကသိုလ်၏ တိုးတက်အောင်မြင်မှုများအပေါ် ဆက်လက်ထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။ 
-
ယင်းနောက်   တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနုနုရီတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်သိပံ္ပပြပွဲနှင့် သင်ရိုးအထောက်အကူပြု ပြခန်းများကို ကြည့်ရှုအားပေးကြကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, December 21, 2018

ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနား နေပြည်တော် ခရစ်ယာန်အသင်း တော်များ ကောင်စီက ကြီးမှူးကျင်းပ

ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနား  နေပြည်တော် ခရစ်ယာန်အသင်း တော်များ ကောင်စီက ကြီးမှူးကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၂ဝ
-
နေပြည်တော် ခရစ်ယာန်အသင်းတော်များ ကောင်စီက ကြီးမှူးကျင်းပသည့် ခရစ္စမတ်  ကြိုဝတ်ပြုဆု တောင်းခြင်းနှင့် မိတ်သ ဟာယ ညစာစားပွဲအခမ်းအနားကို ယနေ့ည ၆ နာရီ တွင် နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် ရှိ မြန်မာ နှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ကျင်းပသည်။
-
အဆိုပါအခမ်းအနားသို့  နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌနှင့်  သိက္ခာတော်ရ ဆရာတော်များ၊  အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းနှင့်   ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ဇနီး ဒေါ်ရင်မေ၊  အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  နေပြည်တော်  ခရစ်ယာန် အသင်းတော်များမှ အသင်းဝင်များ တက်ရောက် ကြသည်။ အစီအစဉ်အရ ယုံကြည်သူများအသင်းတော်မှ  သိက္ခာတော်ရ ဆရာတော်  ဦးရွန်မှုန်းက အဖွင့်ဆုတောင်းပေးပြီး နေပြည်တော် ခရစ်ယာန် အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးတင်မောင်အေးက ခရစ္စမတ် အကြိုနှုတ်ခွန်းဆက် စကားပြောကြား သည်။
-
ထို့နောက်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက  ခရစ်တော်၏ချစ်ခြင်း မေတ္တာတရားကိုဂုဏ်ပြုဖော်ညွှန်းပြီး နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခရစ္စမတ် အကြိုဂုဏ်ပြု စကား ပြောကြားသည်။ ယင်းနောက်  ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ  သိက္ခာတော်ရဆရာတော် ဦးချမ်းခေါက  ခရစ္စမတ်ဓမ္မ ဒေသနာ တော်ကို ဟောကြားပြီး ချင်းနှစ်ခြင်းအသင်းတော်(နေပြည်တော်)မှ သိက္ခာတော်ရဆရာတော် တိမောသေ ပါဟရန်းက ဆုတောင်း မေတ္တာပို့သသည်။ ဆက်လက်၍ နေပြည်တော် ခရစ်ယာန် အသင်းတော်များကောင်စီ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးစောရှမိုအေးလက ကျေးဇူးတင်စကားပြောကြားသည်။
-
ထို့နောက်  အရှိုချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ  သိက္ခာတော်ရဆရာတော် ဦးလှဒင်ဦးဆောင်၍  တက်ရောက် လာကြ သူများ က  ခရစ္စမတ်အကြိုဓမ္မတေးသီချင်းများကို သီဆိုကြသည်။ ယင်းနောက်  နေပြည်တော်ခရစ်ယာန် အသင်းတော်များကောင်စီအမှုဆောင်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ခရစ္စမတ် လက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက်  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့်ဇနီးတို့သည် မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းတော် မေခန်းမ၌ ကျင်းပ သည့်  မိတ်သဟာယ ညစာစားပွဲသို့ တက်ရောက်ကြသည်။
-

#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 11, 2018

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကျင်းပ

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကျင်းပ
-
နေပြည်တော် ဒီဇင်ဘာ ၁ဝ
-
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးချုပ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ၁၉၉၈ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ ပထမရက် သတ္တပတ်အတွင်း ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံး၌ ကျင်းပလေ့ရှိရာ ယခုနှစ် ဒီဇင်ဘာ ၁ ရက်သည် ၃၁ ကြိမ်မြောက်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ HIV/AIDS ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်တရ ဖြစ်စေရန်နှင့် ပြည်သူလူထု တစ်ရပ်လုံးက နိုးကြား တက်ကြွသော စိတ်ဓာတ်များဖြင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို လုံးဝ ကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ အနေ ဖြင့် HIV/AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
-
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြသထားသော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံ များကို လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
-
ဝေယံ
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 10, 2018

ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်း သားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက်သစ် လှူဒါန်းပွဲနှင့် သက်ကြီး ပူဇော်ပွဲ အထိမ်းအမှတ် မိတ်ဆုံစားပွဲပြုလုပ်

ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်း သားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက်သစ် လှူဒါန်းပွဲနှင့် သက်ကြီး ပူဇော်ပွဲ အထိမ်းအမှတ် မိတ်ဆုံစားပွဲပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၉ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်းသားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက် သစ် လှူဒါန်းပွဲနှင့် သက်ကြီး ပူဇော်ပွဲအထိမ်းအမှတ် မိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၈ ရက်ညပိုင်းတွင် ကျိုင်းတုံ မြို့၊ မြို့မအားကစားကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ဖိတ်ကြားထား သူများ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။
-
ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး နှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် အလှူငွေနှင့် လက်ဆောင်ပစ္စည်း များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရှမ်းနှစ်သစ်ကူး ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက နှစ်သစ်ကူး အထိမ်းအမှတ် လက်ဆောင် ပြန်လည် ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက (၂၃)ကြိမ်မြောက် ရှမ်းတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူး အထိမ်း အမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် စုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီမှ တက်ရောက် လာကြသူများအား စုပေါင်းနှစ်သစ်ကူး မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 15, 2018

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၅၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၅၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၁၄
-
အနောက်တောင်တိုင်း စစ်ဌာနချုပ်၏(၅၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊  ဧရာဝတီခန်းမ၌ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
-
-
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေး အကောင်းဆုံးရရှိသူများနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက   ပညာသင်ဆုများနှင့် ဂုဏ်ပြုဆုများ  အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, October 11, 2018

နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်


နေပြည်တော် အောက်တိုဘာ ၉
-
နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ပျဉ်းမနား မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ  ဒေသစာရီကြွချီ အပူဇော်ခံ ပွဲတော်ကို   နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့၌ အောက်တိုဘာ ၂၁ ရက်မှ ၂၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း  သိရသည်။
-
ထိုသို့ ကျင်းပရာတွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို   ပျဉ်းမနားမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ ဝတ်ဖြူတော်အသင်းများ၊   လူမှုရေး အသင်းအဖွဲ့များနှင့် ဘာသာရေး အသင်းများက  အောက်တိုဘာ ၂၅ ရက် ညနေ ၅ နာရီမှစ၍ ဘုရားယာဉ်များဖြင့် ပင့်ဆောင်ကာ မြို့တွင်းသို့ ဒေသစာရီ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များ ပါဝင်သော ဖျော်ဖြေရေး ယာဉ်များက အောက်တိုဘာ ၂၃ ရက်မှ  ၂၅ ရက်အထိ မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေပေးသွားမည်ဖြစ်သည်။
-
ထို့ပြင် နှစ်(၁ဝဝ)ပြည့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲတော် အထိမ်းအမှတ်အဖြစ် စိုးလျှပ်စစ် ဖောင်ဒေးရှင်းက  အဓိက ကူညီပံ့ပိုးသည့်ရာပြည့်အထိမ်းအမှတ်  မီးထွန်းပွဲတော်ကို ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အတွင်းရှိ မင်္ဂလာရှမ်းကန်တွင် ရာပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင်ပြခန်းများ၊  အမှတ်တရပြခန်းများ၊ ရာပြည့်အထိမ်းအမှတ် လမ်းလျှောက်မီးထွန်း ပွဲတော်နှင့်အတူ စတုဒိသာကျွေးမွေး ဧည့်ခံခြင်းများဖြင့် အောက်တိုဘာ ၂၁ ရက်မှ  ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
-
ရာပြည့်အထိမ်းအမှတ် ပြိုင်ပွဲဝင် ပြခန်းများတွင် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက ကျင်းပသည့်   ရာပြည့်အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ဆောင်းပါး၊ စာစီစာကုံး၊ Logo ပြိုင်ပွဲများမှ  ပြိုင်ပွဲဝင်လက်ရာများနှင့် ဆုရပြိုင်ပွဲဝင် လက်ရာများ၊ အမှတ်တရပြခန်းများတွင် ဗုဒ္ဓဝင်အကျဉ်းပြခန်းများ၊ ပျဉ်းမနားမြို့၏ ထင်ရှားကျော်ကြားခဲ့သည့်  ပုဂ္ဂိုလ်များနှင့် စပ်လျဉ်းသည့် မှတ်တမ်းဓာတ်ပုံပြခန်းများ၊ ပျဉ်းမနားမြို့မှ မြန်မာမှု လက်ရာပန်းပုပြခန်း၊ ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ ညအချိန်တွင် မီးအလှများ၊  မြန်မာ့ရိုးရာ မီးပုံးများနှင့်   ရုပ်သေးရုပ်များ ချိတ်ဆွဲအလှဆင်ခြင်းတို့ကို မင်္ဂလာရှမ်းကန်ပတ်လမ်း တစ်လျှောက်တွင် ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။   
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 3, 2018

မြေထုနှင့်တူသော ဂန္ဒီ၏ ခန္တီ


အိန္ဒိယနိုင်ငံဖခင်ကြီး မဟတ္တမဂန္ဒီ၏ နှစ်(၁၅ဝ)ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
-
အဆိုပါအခမ်းအနား၌  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့်  သီတဂူဆေးရုံတော်များ၏ အဓိပတိ  တွဲဖက်ရွှေကျင် သာသနာပိုင် Ph.D.,D.Litt. အဘိဓဇ မဟာရဋ္ဌဂုရုသီတဂူ ဆရာတော် အရှင်ဉာဏိဿရ၏ မိန့်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
-
ကျွန်ုပ်ချစ်ခင်ကြည်ညိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ မဟတ္တမဂန္ဒီဟာ ရှေ့ဆုံးမှာ ရှိပါတယ်။ သူ့အကြောင်းကို ငယ်ငယ်တည်းက လေ့လာပြီးတော့ ကြည်ညိုနေမိတာ အခုထိပါပဲ။ မြတ်ဗုဒ္ဓ၏ ခန္တီပါရမီအကြောင်းကို မြေထုနှင့်တူသည်ဟု ပိဋကတ်ကျမ်းစာတို့မှာ ဖော်ပြထားပါတယ်။ မြေကြီးပေါ်နေတဲ့ လူတွေဟာ   မြေကြီးပေါ်မှာ အလှပြင် တန်ဆာဆင်တာတွေလည်း လုပ်ကြတယ်။  အညစ်အကြေးတွေကိုလည်း သွန်ကြတယ်။ ဒီမြေကြီးဟာ  အလှအပတွေပေါ်မှာလည်း မက်မောခြင်းမရှိ။ အညစ်အကြေးတွေ ပေါ်မှာလည်း စက်ဆုပ်ခြင်း မရှိ။ "Delight and Disgust" အစွန်းနှစ်ဖက်မှ လွတ်အောင် ရှောင်ခြင်းဟာ ခန္တီပဲ။ မဟတ္တမဂန္ဒီကြီးမှာ  ဒီအရည်အချင်းနဲ့  ပြည့်ဝတာကို တွေ့ရလို့ ကျွန်ုပ်ကြည်ညိုမိတယ်။
-
မဟတ္တမဂန္ဒီကြီးဟာ အိန္ဒိယပြည်ကြီး၏ လွတ်လပ်ရေးကို ကြိုးပမ်းတဲ့အခါမှာ  ဆူပူ သောင်းကျန်းခြင်း၊ လက်နက်ကိုင်ခြင်းတို့ကို အလုံးစုံဖယ်ရှား၍ ခန္တီတရားဖြင့် သူ့လွတ်လပ်ရေး တပ်ကြီးကိုဖွဲ့စည်းခဲ့တယ်။  မြတ်ဗုဒ္ဓ၏ ဒေသနာတစ်နေရာမှာ ''ခန္တီဗလံ ဗလာနီကံ'' သည်းခံခြင်း၏ ခွန်အားသည် တစ်သိန်းမကသော စစ်သည်တို့ဖြင့်  ဖွဲ့စည်းထားသော တပ်မတော်ကြီးနှင့်တူ၏ဟု  ဟောတော်မူထားပါသည်။   မဟတ္တမဂန္ဒီကြီး၏ လွတ်လပ်ရေး တပ်မတော်ကြီးမှာ သေနတ်မပါသော ခန္တီတရားပင်ဖြစ်သည်ဟု ကျွန်ုပ်ဆိုချင်ပါတယ်။ ''ခန္တျာဘိယျော နဝိဇ္ဇတိ(ဝေရောစနအသုရိန္ဒသုတ္တံ)'' ဟူသော မြတ်ဗုဒ္ဓ၏ မိန့်ခွန်းတော်မှာ ခန္တီတရားကို  ကျော်လွှားနိုင်သော လူ၏စွမ်းအား တခြားမရှိဟု  ဟောတော်မူထားပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ လွတ်လပ်ရေး သမိုင်းတို့မှာ လက်နက်များဖြင့် တိုက်ရသော သွေးချောင်းစီးစစ်ပွဲများသာ တွေ့ရ၏။ မဟတ္တမဂန္ဒီကြီး၏  လွတ်လပ်ရေး တိုက်ပွဲသည် သူ၏ခန္တီ တပ်မတော်ဘက်က သေနတ်တစ်ချက်မှ မဖောက်ရဘဲ လွတ်လပ်ရေး ရယူသွားသည့် အံ့သြဖွယ်ရာ  ခေါင်းဆောင်ကြီး တစ်ယောက်ဖြစ်သည်ကို ကျွန်ုပ်ကြည်ညိုမိ တယ်။
-
ဂန္ဒီကြီး၏ မိန့်ခွန်းတစ်နေရာမှကျွန်ုပ်ဖတ်ဖူး မှတ်ဖူးပါသည်- (There is nothing new to teach the world, but the "TRUTH") ဟု မဟတ္တမဂန္ဒီကြီးက ပြောပါတယ်။ ဘာသာ ရေးခေါင်းဆောင်၊  နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်များ အားလုံး လူသားတို့ ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်အောင် အားထုတ်နေကြပါတယ်။ ခေါင်းဆောင်တွေ အားလုံး သစ္စာတရားကို လက်ကိုင်ထားဖို့သူ အလေးအနက် ညွှန်ကြားခဲ့တယ်။ မြတ်ဗုဒ္ဓ၏ တရားဦးမှာ  ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်လိုသူတိုင်း သစ္စာတရားကို သိရမယ်လို့ ဟောတော်မူထားပါတယ်။ သို့သော် အစွန်းရောက်နေသော ခေါင်းဆောင်တွေမှာ သစ္စာတရား ပျောက်ဆုံးနေတတ်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်အနှစ်ချုပ် ပြောချင်တာကတော့ Delight and Disgust) အစွန်းနှစ်ဖက် လွတ်အောင်ရှောင်၍ မြေထုနှင့်တူသော ခန္တီတရားကို လက်ကိုင်ထားကာ   ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေး ခေါင်းဆောင်အားလုံး လူသားတို့၏ ဒုက္ခဒေါမနဿ အပေါင်းမှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါစေဟု   ဆုတောင်းပါတယ်။
-
''ခန္တီတရားနှင့်သစ္စာတရား ဤကမ္ဘာမှာ ထွန်းကားပါစေ''
-
#မြ၀တီနေ့စဉ်သတင်းစာ

ဆင်မကြီးမိုမို၏ ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ကျင်းပမည်


ရန်ကုန်  အောက်တိုဘာ  ၂
-
ဆင်မကြီးမိုမို၏  ၆၅  နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် သီတင်းကျွတ် အထူးဈေးရောင်း ပွဲတော်ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ အောက်တိုဘာ  ၂ဝ  ရက်မှ ၂၅ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ထံမှ သိရသည်။
-
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ အောက်တိုဘာ ၂ဝ ရက်တွင် တိရစ္ဆာန်အကများဖြင့် ဖျော်ဖြေခြင်း၊ Kidshow များ၊ ဧည့်သည်အဆိုတော်များ၏   သီဆိုဖျော်ဖြေမှုများ၊  ဈေးရောင်းပွဲတော်များ ပါဝင်မည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၁ ရက်တွင်  ဆင်မကြီးမိုမို မွေးနေ့အတွက် ဘုန်းကြီးများအား အရုဏ်ဆွမ်း ကပ်လှူခြင်းနှင့် မိုမို၏မွေးနေ့ကိတ်ခွဲခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
''ဥယျာဉ်ကိုလာလည်ရင်း မိုမိုရဲ့မွေးနေ့ အခမ်းအနားနဲ့ ဖျော်ဖြေမှုတွေအပြင် သီတင်း ကျွတ်အတွက် ဈေးရောင်းပွဲတော်ပါ ထည့်သွင်းထားပါတယ်။ ကလေးတွေရဲ့အချစ် တော်ဖြစ်တဲ့   ဆင်မကြီးမိုမိုရဲ့မွေးနေ့ပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့    စီစဉ်ထားတဲ့အတွက်  ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါ တယ်'' ဟု   ဦးထွန်းဝင်းအောင် ကပြောသည်။
-
ဆင်မကြီးမိုမို၏မွေးနေ့ကို  မိုမိုအသက်  ၆ဝ  ပြည့်နှစ်မှစ၍ နှစ်စဉ်  စည်ကားစွာ ကျင်းပလာရာ  ယခုနှစ်သည် ၆၅ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် မိုမိုအပါအဝင် ဆင်မခြောက်ကောင် ရှိပြီး တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၃၄ မျိုးဖြင့် ပြသထားကြောင်း၊    ဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်သူများကို  ဝင်ကြေးအနေဖြင့် မြန်မာနိုင်ငံသား တစ်ဦးလျှင် လူကြီးငွေကျပ် ၁ဝဝဝ၊ ကလေး ငွေကျပ် ၅ဝဝ သတ်မှတ်ထားကာ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် လူကြီး ငွေကျပ် ၃ဝဝဝ၊ ကလေး ငွေကျပ် ၂ဝဝဝ သတ်မှတ်ထားပြီး ဥယျာဉ်ကို နံနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ  ဖွင့်လှစ်ထားကြောင်း  သိရသည်။      
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အဖြစ် ကေတုမတီ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အလှူငွေ ပေးအပ် လှူဒါန်း













နေပြည်တော် အောက်တိုဘာ ၁
-
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သိန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက စေတနာရှင် အလှူရှင်များအား ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် ဒုတိယ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရိပ်သာရှိ အဘိုး ခုနစ်ဦးနှင့် အဘွား ၂၈ ဦးတို့အတွက် တိုင်းစစ်ဌာနချုပ် မိသားစုများက လှူဒါန်းသည့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက  လက်ခံရယူကြပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
-
၎င်းနောက်အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, July 20, 2018

ရန်ကုန်မြို့ရှိ အာဇာနည်နေ့ အထိမ်းအမှတ်နေရာများသို့ လာရောက်သောပြည်သူတို့၏ အမှတ်တရစကားသံများ



ဦးတင်ဦးလေး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟိုဥက္ကဋ္ဌ)

အာဇာနည်နေ့ အခမ်းအနားကတော့ နှစ်တိုင်းတက်ရောက် ဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက်ရောက်တိုင်း နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို လာရောက်ဂါရဝပြုတာပါ။ အခု ကိုယ်တိုင်လာရောက် ဂါရဝပြုရတဲ့အတွက် ဝမ်းသာပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တာကို မမေ့သင့်ပါဘူး။

ဦးခင်မောင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး) အမျိုးသားပြတိုက် (ရန်ကုန်)

အရင်နှစ်က အားနည်းချက်၊ အားသာချက်တွေသုံးသပ်ပြီး ကောင်းအောင်ပြုလုပ် ထားပါတယ်။ အရင်က ပတ်လမ်းတွေ ငါးပေပဲရှိတယ်။ အခုတစ်ပေခွဲ ချဲ့ပြီးတော့ ထားပါတယ်။ ခြောက်ပေခွဲလောက် ဖြစ်သွားတယ်။
ဗိုလ်ချုပ်စိုက်ခင်း ထဲဆင်းတဲ့လမ်းကို သီးသန့်ခြောက်ပေခွဲ လမ်းဖြစ်အောင် တိုးချဲ့လိုက်တယ်။ ဗိုလ်ချုပ်ရဲ့သားရေနစ်တဲ့ ရေကန်ဘက်ကိုလည်း လမ်းတစ်လမ်း တိုးချဲ့ခဲ့တယ်။ အပေါ်ထပ်ကို တက်ခွင့် ယာယီတားမြစ်လိုက်တာပါ။ အပေါ်ထပ်ရဲ့ ပြခန်းတွေကို LED ဘုတ်နဲ့ ပြသတာတွေ၊ ဗိုလ်ချုပ်ရဲ့ ရှားပါးဓာတ်ပုံတွေကိုလည်း အောက်ထပ်မှာ ပြသထားတယ်။ အပေါ်ထပ်မှာ ပြသထားတဲ့ မစ္စတာနေရူးကပေးတဲ့ ကုတ်အင်္ကျီကို ပြကွက်အနေနဲ့အောက်ထပ်မှာ သီးသန့်ပြသ ထားပါတယ်။ ဒီနှစ်မှာ ထမင်းစားခန်းမှာ မိသားစုအသုံးပြုခဲ့တဲ့ ပန်းကန်တွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ထုတ်ပြီး ပြသထားတာပါ။


ဆရာမဒေါ်အိရွှေစင် အ-ထ-က (၆) ဗိုလ်တထောင်

တစ်ချိန်က အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့နေရာကို ဒီနှစ်မှာ လာရောက်လေ့လာ ခွင့်ရတဲ့အတွက် ဝမ်းနည်းမိသလို ဂုဏ်လည်းယူမိပါတယ်။ ပြည်သူတွေအနေနဲ့ တစ်နှစ်မှာတစ်ရက်သာ ကျရောက်တဲ့ အာဇာနည်နေ့ကို အချိန်ယူပြီး လာရောက်လေ့လာ စေချင်ပါတယ်။ နောင်နှစ်တွေမှာလည်း အခွင့်ရရင် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မှာပါ။

ဦးစိန်ဌေး (မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်)

မိသားစုလိုက် လာဖြစ်တာပါ။ နှစ်တိုင်းတော့ ရောက်ဖြစ်ပါတယ်။ နှစ်တိုင်းလာတဲ့အခါ ရင်ထဲမှာဆို့နင့် ကြေကွဲမိတယ်။ အခုလို မပျောက်မပျက်တဲ့ အမှတ်တရမျိုးတွေ အများကြီးရှိသင့်ပါတယ်။ ဒါမှလည်း လူငယ်တွေအနေနဲ့ လေ့လာလို့ရမှာ ဖြစ်ပါတယ်။


ဆုပန်ထွာ (သရုပ်ဆောင်)

ဒီနေ့မှာ ကျဆုံးလေပြီးဖြစ်တဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေကို ရိုသေလေးစားလို့ ဝန်ကြီးများရုံးဟောင်းမှာ လာရောက်ဂါရဝပြုတာပါ။ ပြည်သူအများစုက လာရောက် ဂါရဝပြုတာကို တွေ့ရတာကြောင့်လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နောင်နှစ်တွေမှာလည်း နှစ်စဉ် ဒီအခမ်းအနားကို တက်ရောက်နိုင်အောင် ကြိုးစားမှာပါ။


ဒေါ်စိန်ဟန် (လှိုင်သာယာ)

အမေက ဒီကို တစ်ခါမှလည်း မရောက်ဖူးပါဘူး။ နိုင်ငံအတွက် အသက်ကို ပဓာနမထားဘဲ နိုင်ငံ့အကျိုးကို အသက်ပေး ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်တို့ကို ဂါရဝပြုချင်လို့ လာခဲ့တာပါ။ တစ်ခါမှလည်း မရောက်ဖူးတဲ့အတွက် အခု လာပြီးဂါရဝပြုရတာ အရမ်းကိုဝမ်းသာပါတယ်။ နောင်နှစ်တွေလည်း အမေသွားလာ နိုင်သေးရင် အာဇာနည်နေ့တိုင်း လာပြီးဂါရဝ ပြုဦးမှာပါ။

#Themyawadydaily

ဝမ်းနည်းဂုဏ်ယူမှုများနှင့် မမေ့ပျောက်နိုင်သည့် ဇူလိုင် - ၁၉






၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်သည် (၇၁) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီး၊ တစ်နည်းဆိုသော်တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ နိုင်ငံ့အာဇာနည် များဖြစ်ကြသည့် ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ သခင်မြ၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့သည် မသမာသူ နယ်ချဲ့လက်ပါးစေ လူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ အာဇာနည်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာပြည်သူ တစ်ရပ်လုံးအနေဖြင့် ယနေ့ထိတိုင် မမေ့နိုင်ဘဲ လွမ်းဆွတ်တသအောက်မေ့ သတိရနေကြဆဲပင် ဖြစ်သည်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီးရှိ အာဇာနည်ဗိမာန်၊ ဗဟန်းမြို့နယ် နတ်မောက်လမ်း ဗိုလ်ချိုရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင် ကျော်လမ်းကြားရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံးဟောင်း)၊ ကန်တော်ကြီးရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် အာဇာနည်ပန်းခြံ စသည့်အထိမ်းအမှတ် နေရာများကို အများပြည်သူ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ထားသည်။

ယခု (၇၁) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်ရှိ ကျဆုံးလေပြီးဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရဝပြုသည့်ပွဲသို့ နိုင်ငံတော်အဆင့် အကြီးအကဲများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူပြည်သားများ၊ နိုင်ငံခြားသားများက လာရောက် အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချဂါရဝပြုခြင်းနှင့် မေတ္တာပို့အမျှဝေကာ နှစ်မိနစ်ငြိမ်သက် အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့အတူ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ အထူးပြပွဲကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ပြသထားရာ အများပြည်သူတို့ အခမဲ့လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်အဆောက်အအုံ၏ အပေါ်ထပ်သို့ တက်ရောက်ကြည့်ရှုခွင့် ရမည်မဟုတ်ဘဲ မြေညီထပ်မှ အပေါ်ထပ်သို့ အတက်လှေကား အနီးတွင် LED ဘုတ်ဖြင့် ပြသပေးမည် ဖြစ်သည်။ ထိုပြတိုက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ပြတိုက်၏ မြေညီထပ်၌ ပြသထားပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ သက်ရှိထင်ရှား ရှိစဉ်က အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများကို ပြသထားသည်။

ထို့ပြင် ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းကြားရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံးဟောင်း) ၌ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ကျင်းပသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသူများအားလုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား မေတ္တာပို့အမျှဝေခြင်း၊ နှစ်မိနစ်ငြိမ်သက်ခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြသည်။

ဝန်ကြီးများရုံးဟောင်း၌ အာဇာနည်နေ့နှင့် ပတ်သက်၍ ပြသထားသော ပန်းချီကားများ၊ ပြခန်းများအဖြစ် ပြသထားသော အစည်းအဝေး အခန်းများ၊ ကြံ့ခိုင်မှုအရ တက်ရောက်လေ့လာ ခွင့်မပြုသည့်နေရာများကို LED ဘုတ်ဖြင့်ပြသထားသည်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးများ ရုံးဟောင်းကို ပြည်သူများ လေ့လာနိုင်ရန် ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ကြည့်ရှု လေ့လာနိုင်သည်။ ထိုရုံးအတွင်း လာရောက်ကြည့်ရှု လေ့လာသူများအား ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်းများ ရေးသားဖော်ပြ ထားသောစာအုပ် ကိုလည်း အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...