-
ရန်ကုန် ဖေဖော်ဝါရီ ၂ဝ
-
အမေရိကန်အခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော Ms. World Odyssey သည် ဂရိနိုင်ငံသား ကပ္ပတိန် Mr.Konstantions Siamantas လိုက်ပါ၍ သင်္ဘောဝန်ထမ်း ၁၇၆ ဦး၊ ခရီးသည် ၆၉၆ ဦး စုစုပေါင်း ၈၇၂ ဦးဖြင့် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)သို့ ဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
-
အဆိုပါ အမေရိကန်အပျော်စီး သင်္ဘောသည် Destimation Asia Co.,Ltd. အစီအစဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းဆိပ်ကမ်းမှတစ်ဆင့် ဝင်ရောက်ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။ အပျော်စီးသင်္ဘော ဆိုက်ကပ်စဉ်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန (အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှအုန်းနှင့် တာဝန်ရှိသူများ၊ ဆိပ်ကမ်းကျန်းမာရေးဌာနမှ ဒေါက်တာဉာဏ်ထက်လွင်နှင့် တာဝန် ရှိသူများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မန်နေဂျာ ဦးအောင်သိန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ဒုတိယရဲမှူး အောင်မြတ်ဦးနှင့် တာဝန်ရှိသူများ၊ Destimation Asia Co.,Ltd. မှအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဖြူဆုမွန်နှင့် တာဝန်ရှိသူတို့က အပျော်စီးသင်္ဘောဖြင့် လိုက်ပါလာကြသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များအား နွေးထွေးပျူငှာစွာ ကြိုဆိုကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီခဲ့ကြသည်။
-
နိုင်ငံခြားခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ငါးထပ်ကြီးဘုရား၊ခြောက်ထပ်ကြီးဘုရား၊ဗိုလ်တထောင်စေတီ၊ သန်လျင်မြို့ရှိကျိုက်ခေါက်စေတီ၊ ကျိုက်မှော်ဝန်းစေတီ၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့် ရွှေမော်ဓောဘုရား၊ရွှေသာလျောင်းနှင့် တန်ခိုးကြီးဘုရားများအား သွားရောက်ဖူး မြော်ကြည်ညိုကြမည်ဖြစ်ပြီးအထင်ကရ နေရာများသို့လည်း လေ့လာလည်ပတ်ကြ မည်ဖြစ်သည်။
-
ထို့ပြင် ခရီးသွားများသည် မန္တလေးမြို့၊ ပုဂံတို့သို့လည်း သွားရောက် လည်ပတ်ကြမည်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော Ms.World Odyssey သည် ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့တတိယမြောက် ဝင်ရောက်လာသည့် အပျော်စီး သင်္ဘောဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)မှ တစ်ဆင့်အိန္ဒိယနိုင်ငံ ကိုချင်းဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment