Social Icons

Pages

Thursday, January 10, 2019

မြစ်ကြီးနားမြို့ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာ ပြည်သူများရှိသော စခန်းများ၌ ထောက်ပံ့မှုများ ဆောင်ရွက်

မြစ်ကြီးနားမြို့ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာ ပြည်သူများရှိသော စခန်းများ၌ ထောက်ပံ့မှုများ ဆောင်ရွက်
-
မြစ်ကြီးနား  ဇန်နဝါရီ   ၉ 
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေတ္တာရင်ခွင်ပရဟိတ ဂေဟာနှင့် လယ်ကုန်း ဗက်လင် နေရပ်စွန့်ခွာပြည်သူများ ရှိသောစခန်းများ၌ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ကူညီထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။ 
-
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် ပရဟိတဂေဟာ၌ ကလေးသူငယ်များနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည်   တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်း ဖြစ်၍ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် အချင်းချင်း ညီညွတ်မျှတစွာငြိမ်းချမ်းမှုကို ဖော်ဆောင်ကြရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှု အားလုံး သာတူညီမျှ ခံစားရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် တက်ရောက်နေသူများနှင့် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် ၂၃၄၄ဝဝဝ၊ ဆန်ဖိုးငွေ၊ စားစရိတ်နှင့် ဝတ်စုံစရိတ်တို့အတွက် ထောက်ပံ့ငွေကျပ် ၁၈၃၆ဝဝဝဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့ကလည်း တီရှပ်၊ ပုဆိုးနှင့် ကျောင်းဝတ်စုံတို့ကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ဂေဟာအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းမှ လှူဒါန်းထားသော ကလေးပျော်နေရာ၌ ကလေးများနှင့်တွေ့ဆုံ၍ အာဟာရမုန့်များနှင့် အရုပ်များဝေငှခဲ့ပြီး ပရဟိတဂေဟာ အတွင်း ဆောင်ရွက်ထားသော နို့စားနွား မွေးမြူရေးခြံသို့ သွားရောက် လေ့လာကြည့်ရှုသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာ ပြည်သူများရှိသော စခန်းသို့ရောက်ရှိပြီး စခန်းနေပြည်သူများနှင့် တွေ့ဆုံသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် တက်ရောက်နေသူများနှင့် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ထောက်ပံ့ငွေကျပ် ၂၆၁၈ဝဝဝ၊ ဆန်၊ ဆီ၊ ဆား၊  ပဲ တစ်လစာ ထောက်ပံ့ငွေကျပ် ၆၈၂၆၈၇၅၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊  ယာဉ်မောင်း သင်တန်းတို့အတွက်   ထောက်ပံ့ငွေကျပ် ၄၈၅၇၅ဝဝ နှင့် အသက်ငါးနှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အမျိုးသမီး ဦးဆောင်သော မိသားစုများအတွက် ထောက်ပံ့ငွေကျပ် ၁ဝ၅ဝဝဝ  တို့ကို ထောက်ပံ့ပေးအပ်ကာ ကလေးငယ်များကို အာဟာရမုန့်များ ဝေငှခဲ့ကြောင်း သိရသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ စခန်းရှိရာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အတူ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...