Social Icons

Pages

Thursday, January 10, 2019

မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအနီး၌ ငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ရည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအနီး၌ ငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ရည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ တိန်းလုံရွာအနီးရှိ ဦးလောက်ကျောင် ပိုင်ဆိုင်သော ခြံဝင်းအတွင်းသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရသွားရောက်ရှာဖွေရာ  မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မက်သနောအက်စစ်ရည်နှင့် အီသိုင်းအက်စစ်ရည်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
ဖြစ်စဉ်မှာ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါခြံဝင်းအတွင်းသို့ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီခန့်တွင် သတင်းအရ သွားရောက်ရှာဖွေရာ ခြံဝင်းအတွင်း လူတစ်ဦးမျှ မတွေ့ရှိရသော်လည်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သော ဖန်ပေါင်းချောင်အိုး အကြီး ၁၄ လုံး၊ စတီးဘွိုင်လာအိုးအကြီး/ အသေးနှစ်လုံး၊ စတီးမွှေစက်အကြီး(မော်တာပါ) သုံးလုံး၊ မွှေကန်အကြီးသုံးလုံး၊ စတီးပေါင်း ခံအိုးတစ်လုံး၊ ရေအေးပေးစက် အကြီးသုံးလုံး၊ ပလတ်စတစ်မွှေကန်အကြီး(မော်တာပါ) သုံးလုံး၊ အခြောက်ခံစက်အကြီးငါးလုံး၊ အပူ/အအေးထိန်းစက်ကြီး တစ်လုံးနှင့် အပူချိန်လျှော့စက် တစ်လုံးတို့ကို လည်းကောင်း၊ ခြံဝင်း အတွင်းရှိ ၁၂ ဘီးယာဉ်အမှတ်၊ U/----ပေါ်မှ မက်သနောအက်စစ်ရည် ၄ ဂါလန်ဆံ့၁၃ဝ ပုံးနှင့် အီသိုင်းအက်စစ်ရည် ၄ ဂါလန်ဆံ့ ၅၆ဝ ပုံးတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မူဆယ်မြို့မရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...