Social Icons

Pages

Monday, January 7, 2019

ကော့သောင်းမြို့၌ ပင်လယ်ကျွန်း အပန်းဖြေခရီးစဉ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်

ကော့သောင်းမြို့၌ ပင်လယ်ကျွန်း အပန်းဖြေခရီးစဉ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်
-
ကော့သောင်း  ဇန်နဝါရီ  ၆ 
-
အပူပိုင်းမုန်တိုင်းပါဘက်  ဖြတ်သန်းရာ မြန်မာနိုင်ငံ၏ အနီးဆုံးမြို့ဖြစ်သည့် ကော့သောင်းမြို့တွင် စိုးရိမ်ဖွယ် မုန်တိုင်းအန္တရာယ်ကြောင့် ရပ်နားပိတ်သိမ်းထားခဲ့သည့် ပင်လယ်ကျွန်း အပန်းဖြေခရီးစဉ်များနှင့်မြန်မာ-ထိုင်းနှစ်နိုင်ငံ   ဖြတ်သန်းသွားလာမှု နယ်စပ်ဂိတ်များ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း  ကော့သောင်း/မြို့နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 
-
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက် မြန်မာစံတော်ချိန်နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီ ပင်လယ်ပြင်တွင်  ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ပါဘက်မှာ  မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝ နှုန်းဖြစ်ကာ နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက် ဘက်သို့  ဆက်လက် ရွေ့လျားပြီး ကပ္ပလီကျွန်းစုသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသဖြင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ရပ်နားပိတ်သိမ်းထားသည့်ပင်လယ်ကျွန်း အပန်းဖြေခရီးစဉ်များနှင့်    မြန်မာ-ထိုင်းနယ်စပ် ဖြတ်သန်းဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့သဖြင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများအားသက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများမှ ပင်လယ်ကျွန်းအပန်းဖြေ ခရီးစဉ်များသို့ စတင်ပို့ဆောင် ပေးနေကြ သည်။ 
-
ထို့ပြင် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ် ဖောက်ကားနေကြသည့် မြို့နေပြည်သူများနှင့် ကော့သောင်း-ရနောင်းပြေးဆွဲပို့ဆောင်ပေးလျက် ရှိသည့်  ကူးတို့ပဲ့ချိတ်လှေများ ပြန်လည်လုပ်ကိုင်လျက်ရှိသည်။ လက်ရှိတွင် ပါချန်ပင်လယ်ဝနှင့် ထိုင်း-မြန်မာနယ်ခြား ပါချန်မြစ်ကြောင်း တစ်လျှောက်တွင် လှိုင်းလေငြိမ်သက်လျက် ရှိခြင်းကြောင့်  ကော့သောင်းမြို့နေပြည်သူများ  ပုံမှန်ရောင်းဝယ် ဖောက်ကားသွားလာလျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...