Social Icons

Pages

Tuesday, January 15, 2019

ဧပြီ ၁ ရက်မှစ၍ မြောင်းမြတံတားသစ်တွင် ယာဉ်များ ဖြတ်သန်း သွားလာနိုင်မည်

ဧပြီ ၁ ရက်မှစ၍ မြောင်းမြတံတားသစ်တွင် ယာဉ်များ ဖြတ်သန်း သွားလာနိုင်မည်
-
မြောင်းမြ ဇန်နဝါရီ ၁၄
-
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ရွေးမြစ်ကို ဖြတ်သန်းကာ လပွတ္တာမြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်မြို့များသို့ ဆက်သွယ်သွားလာနိုင်ရန် တည်ဆောက်နေသော မြောင်းမြတံတားသစ်စီမံကိန်းသည် ယခုအခါ ၈၃ ရာခိုင်နှုန်းခန့် လုပ်ငန်းပြီးစီးနေပြီ ဖြစ်၍ ဧပြီ ၁ ရက်မှစကာ ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံ တံတားဦးစီးဌာနတည်ဆောက်ရေး အဖွဲ့(၁) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်းထံမှ သိရသည်။
-
ယခုအခါ တံတားစီမံကိန်း၏ မြောင်းမြဘက်ကမ်း ချဉ်းကပ်တံတားခန်းဖွင့် ၃ဝမီတာကိုးခန်း စုစုပေါင်း မီတာ ၂၇ဝ တည်ဆောက်ခြင်း လုပ်ငန်းသည် ဇန်နဝါရီ ၁ ရက်က ပြီးစီးခဲ့ပြီး ပုသိမ်ဘက်ကမ်း ၃ဝမီတာ ကိုးခန်း မီတာ ၂၇ဝ ၏ ကြမ်းခင်းနှင့် လက်ရန်းများ အချောသပ်လုပ်ငန်းကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် အပြီးတည်ဆောက်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ ပင်မတံတားခန်းဖွင့် ၇၅ မီတာ၊၁၄ဝ မီတာ၊ ၇၅ မီတာ စုစုပေါင်း မီတာ ၂၉ဝ တွင် သံပေါင်များ တပ်ဆင်ခြင်းနှင့် ကျောက်ပြားခင်းခြင်း လုပ်ငန်းများ ပြီးစီးနေပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် လက်ရန်းနှင့် အချောသပ်လုပ်ငန်းများပြီးစီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
-
ပင်မတံတားသည် Steel Truss Deck Type အမျိုးအစားဖြစ်ပြီး ပင်မတံတားမှ ရေလမ်းကင်းလွတ်ခွင့်သည် ရွေးမြစ်၏ အမြင့်ဆုံးရေတက်ချိန်တွင် ၁၄ မီတာ ကင်းလွတ်ကြောင်း တံတားစီမံကိန်းရုံးမှသိရသည်။ ဂျပန်နိုင်ငံမှ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းတည်ထောင်ထားသော J&M Steel Solutions မှ ဒီဇိုင်းရေးဆွဲကာ သံပေါင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
-
''ပြီးခဲ့တဲ့မိုးတွင်းတုန်းက အလေးချိန် ၂၃ တန်ရှိတဲ့ ကွန်ကရစ်ရက်မကြီးတွေ၊ အလေးချိန် တန် ၇ဝ ရှိတဲ့ ရက်မကြီးတွေ တံတားရဲ့တိုင်ထိပ်ပေါ်ကို မတင်ရာမှာ အောက်ခြေမြေပျော့တဲ့အတွက်အန္တရာယ်ရှိတယ်။ မြေပျော့မှာ လုပ်ငန်းခွင်အန္တရာယ် ကင်းပြီး စက်ယန္တရားတွေနဲ့ ဆောင်ရွက်နိုင်ဖို့ကို အသေအချာတွက်ချက် ဆောင်ရွက်ခဲ့ပါတယ်။ သံပေါင်တွေကို ရေထဲမှာ တပ်ဆင်ရတဲ့အတွက်ရေလမ်းကြောင်းကို ပိတ်ရက်ဖွင့်ရက်တွေနဲ့ အမြန်ပြီးစီးအောင် ဆောင်ရွက်ရတာလည်း ရှိပါတယ်'' ဟု ဦးမျိုးဝင်းက ပြောသည်။
-
မြောင်းမြတံတားသစ် စီမံကိန်းကို မြောင်းမြကြိုးတံတား၏ ရေစုန်ဘက်ခြမ်း ၄၆ ပေ အကွာ၌ ၂ဝ၁၇ ခုနှစ် မေ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မတ်လကုန်ပိုင်းတွင် အပြီးတည်ဆောက်ရန်လျာထားကြောင်း သိရသည်။ တံတားသစ်၏ အပေါ်ထည်ပင်မတံတားသည် Steel Truss Deck Type၊ ချဉ်းကပ်တံတား (P.C Composite Girder) ဖြစ်ပြီး အောက်ထည်သည် သံကူကွန်ကရစ်ဖြစ်ကာအုတ်မြစ်သည် RC Bored Pile နှင့် Spun Pile Foundation Type အမျိုးအစားဖြစ်သည်။
-
တံတားအရှည် ၈၃ဝ မီတာနှင့် အကျယ် ၃၄ ပေရှိပြီး ယာဉ်သွားလမ်း ၂၈ ပေကျယ်သည်။ နှစ်လမ်းမောင်းဖြစ်ပြီး အမြင့်ဆုံး ၇၅ တန်အထိရှိသော ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်မည်ဖြစ်၍ ၃ ပေအကျယ်ရှိသော လူသွားလမ်းနှစ်ဖက် ပါဝင်သည်။ မြောင်းမြတံတားသစ် စီမံကိန်းသည် ခန့်မှန်းရန်ပုံငွေ ငွေကျပ် သန်းပေါင်း ၂၅၂၅ဝ ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
-
မောင်မျိုး(ဧရာဝတီ)
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...