Social Icons

Pages

Wednesday, October 17, 2018

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး အဆင်ပြေလာတာကို အမေရိကန် မလိုလားဘူးလား

ဘာသာပြန်ဆောင်းပါး ၊ မင်းခန့်တင်
-
ကိုရီးယား နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ မီးရထားလမ်းတွေ၊ ကားလမ်းတွေ ပြန်ဖွင့်ဖို့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၅ ရက်မှာ သဘောတူ လိုက်ပါတယ်။ ဒီသဘောတူမှုဟာ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ရဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ရလဒ်လည်း ဖြစ်ပါတယ်။ 
-
ကိုရီးယား နှစ်နိုင်ငံကြားမှာ ဒီလိုသဘော တူညီမှုရတာနဲ့ အမေရိကန် ပြည်ထောင်စုက ချက်ချင်းပဲ တောင်းဆိုမှု တစ်ခုပြုပါတယ်။ ဘာကို တောင်းဆိုတာလည်း ဆိုတော့ မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပြည့်အဝ အသက်ဝင် ခိုင်မာစေရေး လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
-
''ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့ ကုလသမဂ္ဂက မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပြည့်အဝ အကောင်အထည် ပေါ်လာစေရေး လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ ရပ်ဆိုင်းဖို့ အတွက် သက်ဆိုင်ရာ အခန်း ကဏ္ဍကနေ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်'' လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။
-
ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုက ဘာအတွက်ရည်ရွယ် လဲဆိုရင် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိစေဖို့ အတွက် ကုန်သွယ်ရေး ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့ခြင်းဖြင့် ငွေပင် ငွေရင်းတွေကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။
-
အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်အားလုံးကို ဖျက်သိမ်းပြီး နျူကလီးယား အစီအစဉ် ကို အလုံးစုံ စွန့်လွှတ်ပြီးမှသာ အရေးယူပိတ် ဆို့မှုတွေကို ဖယ်ရှား ပေးမယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဒီလို ရပ်တည်ချက်ကြောင့် အမေရိကန်- မြောက်ကိုရီးယား အကြား နျူကလီးယား ကင်းစင်ရေး ဆွေးနွေး ပွဲဟာ မရေမရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 
-
ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် လာမှုဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား အစီအစဉ် ဖြေရှင်းမှုကနေ ခွဲထွက်ပြီး ရရှိလာတဲ့ အောင်မြင်မှု မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ပြောပါတယ်။ ဒါ့ပြင် တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီးယား ရဲ့ နျူကလီးယား ကင်းစင်ရေးဆောင် ရွက်ချက်ကို အားပေး အားမြှောက် ပြုတဲ့အနေနဲ့ တစ်ဖက်သတ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု တွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေ တယ်လို့ ဆိုထား ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးခြင်းဟာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မထိခိုက် စေဖို့လည်း ကတိ ပြုထား ပါတယ်။ ဒါကြောင့်လည်း ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးက တစ်နေ့ တခြားတိုး တက်လာတာ ဖြစ်ပါတယ်။
-
တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ စဉ်းစား နေတယ်လို့ သတင်းထုတ် လိုက်တဲ့ အချိန်တုန်းကလည်း အမေရိကန်က ကန့်ကွက် ခဲ့ပါသေးတယ်။ အဲဒီတုန်းက
တောင်ကိုရီးယား အစိုးရ အနေနဲ့ အမေရိကန် အစိုးရရဲ့သဘောတူ ခွင့်ပြုချက်မရဘဲ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့မှု မလုပ်ရဘူး ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးခဲ့တာ ဖြစ်ပါတယ်။
-
အခုတစ်ကြိမ် မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ တောင်းဆိုမှုကို မြောက်ကိုရီးယား ဘက်ကလည်း ခပ်တင်းတင်းပဲ တုံ့ပြန် လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ မှုတွေကို ချက်ချင်း ဖယ်ရှားပေးဖို့ အောက်တိုဘာ ၁၆ ရက်မှာ မြောက်ကိုရီးယား ဘက်က တောင်းဆို လိုက်တာပဲ ဖြစ်ပါတယ်။ ''အကယ်၍ အမေရိကန် ပြည်ထောင်စု အနေနဲ့ သူတို့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ ပေးခြင်း မရှိဘဲ ဆက်ပြီး ခေါင်းမာ နေမယ်ဆိုရင် အမေရိကန်က မြောက်ကိုရီးယား အပေါ် ရန်လိုတဲ့ မူဝါဒ ဆက်လက်ထားရှိတဲ့ သဘော ဖြစ်ပါတယ်။ မြောက်ကိုရီးယား- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ တုန်းက နှစ်နိုင်ငံအကြား ရန်လိုတဲ့ ဆက်ဆံမှုတွေကို ရပ်တန့်သွားဖို့နဲ့ အနာဂတ် အသစ်ဆီ လှမ်းလျှောက်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်'' လို့ မြောက် ကိုရီးယား နိုင်ငံပိုင်  KCNA တင်းဌာနက ဖော်ပြထားပါတယ်။
-
ဒါ့ပြင် မြောက်ကိုရီးယား အနေနဲ့ နျူက လီးယား ဖျက်သိမ်းရေး ကတိကို တည်အောင် လုပ်ဆောင်နေတဲ့ အချိန်မှာ အမေရိကန်ပြည် ထောင်စု ဘက်ကလည်း သင့်တင့် လျောက်ပတ်တဲ့ ဖြေလျှော့မှုတွေ လုပ်ပေးဖို့ တောင်း ဆိုကြောင်း  KCNA သတင်းဌာနက ဆက်လက် ဖော်ပြ ထားပါတယ်။
-
တရုတ် နိုင်ငံနဲ့ ရုရှားနိုင်ငံ တို့ကလည်း ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင် ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ တောင်းဆို  ထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူ အားလုံးက ကိုယ်စီ တာဝန်များကို ယူဖို့ အတွက် တရုတ်နဲ့ ရုရှားတို့က တောင်းဆို ထားတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန် ပီယိုဟာ မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ပြီး နျူကလီးယား ကင်းစင်ရေး ဆောင်ရွက်မှုနဲ့ ဒေါ်နယ်ထရမ့်- ကင်ဂျုံအွန် ဒုတိယ အကြိမ် ထိပ်သီး ဆွေးနွေးပွဲ အတွက် ကင်ဂျုံအွန်နဲ့ ဆွေးနွေး ခဲ့ပါတယ်။ 
-
အဲဒီခရီးစဉ် အပြီးမှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင် နေတာဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက် တွေကို အမှန် တကယ် လုပ်ဆောင်နေချိန်မှာ အမေရိကန် ပြည်ထောင်စု ဘက်ကလည်း သင့်လျော်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမှသာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ညီမျှမှုရှိမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ရင်တော့ တစ်ဖက်သတ် နျူကလီးယား ဖျက်သိမ်းရေးကို မြောက်ကိုရီးယား နိုင်ငံက လုပ်ဆောင်ချင်မှာ မဟုတ် ပါဘူး။
-
ဒီအချိန်မှာ အိမ်နီးချင်း ကောင်းနဲ့ ဆွေမျိုးရင်းချာ စိတ်ဓာတ်ရှိတဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယား အပေါ် အရေးယူပိတ်ဆို့ မှုတွေ ဖြေလျှော့ပေး နိုင်ဖို့ လိုက်လံ တောင်းဆို နေတာကိုတွေ့ရပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေးကို လက်တွေ့လုပ်ဆောင်နေချိန်မှာ နိုင်ငံတကာ အနေနဲ့ ကလည်း မြောက်ကိုရီးယား အပေါ် ချမှတ် ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ ပေးဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် က အောက်တိုဘာ ၁၅ ရက်မှာ အလေးပေး ပြောဆိုထားပါတယ်။
-
မွန်ဂျေးအင်ဟာ ပြင်သစ် သမ္မတ အီမန် နျူယယ်မက်ခရွန် နဲ့တွေ့ဆုံပြီး မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ ပေးရာမှာ ပြင်သစ် နိုင်ငံက ဦးဆောင်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်ပါတယ်။
-
ပြင်သစ် သမ္မတက မြောက်ကိုရီးယားမှာ လုံးဝနျူကလီးယား ကင်းစင်သွားတဲ့ အထိ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားဖို့ လိုမှာဖြစ် ပေမယ့်လည်း နျူကလီးယား ကင်းစင်ရေး လုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့် လုပ်ဆောင်နိုင် ဖို့အတွက် ပြင်သစ် နိုင်ငံက ကူညီထောက်ပံ့ ပေးသွားမယ်လို့ ဆိုပါတယ်။ မွန်ဂျေးအင်ဟာ အခုသီတင်းပတ် အတွင်းမှာ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ၊ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ် တို့နဲ့လည်း 
တွေ့ဆုံသွားဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အခါမှာလည်း မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက်ကို ကူညီ ထောက်ပံ့ပေးဖို့နဲ့ အရေးယူ ပိတ်ဆို့ မှုတွေကို ဖြေလျှော့ပေးဖို့ တောင်းဆို သွားဖွယ်ရှိပါတယ်။
-
ကိုရီးယား ကျွန်းဆွယ်ကို အမှန်တကယ် ငြိမ်းချမ်းစေလိုတဲ့ တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယား ရဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင် ချက်တွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံတကာ အနေနဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ကို မွန်ဂျေးအင်က လိုက်လံ တောင်းဆိုနေ တာဖြစ်ပါတယ်။ 
-
ဒါကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ လုပ်ရပ်တွေဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိမှာကို မလိုလား လို့လား။ ဒါမှမဟုတ် ကိုရီးယား နှစ်နိုင်ငံ အဆင်ပြေ လာတာကို မလိုလား လို့လားဆိုတာ သံသယ ဖြစ်ဖွယ် ကောင်းလာကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
-
Ref: Yonhap
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...