Social Icons

Pages

Friday, September 14, 2018

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၈)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ ကျင်းပ



ရန်ကုန် ၁၄-၉-၂ဝ၁၈

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)၏ (၁၈)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ဆက်လက် ကျင်းပသည်။

အစည်းအဝေးသို့ JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်၊ JMC-U ဒုတိယ ဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးနှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ခေါင်းဆောင်များ၊ JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုင်းမျိုးသန့်၊ အရပ်သား ကိုယ်စားလှယ်များနှင့် နည်းပညာ အထောက် အကူပြု ရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒုတိယနေ့ အစည်းအဝေးတွင် တက်ရောက်လာကြသော သုံးပွင့်ဆိုင် JMC-U ကော်မတီဝင်များက အစည်းအဝေး အစီအစဉ်အတိုင်း ဆွေးနွေးရန်ကျန်ရှိနေသော အချက်များကို ဆက်လက်ဆွေးနွေးကြသည်။ အစည်းအဝေးတွင် JMC ၏ စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာသင်တန်းများ ပေးနိုင်ရေးအတွက် ဆရာဖြစ်သင်တန်း(TOT)နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဒေသခံအရပ်သား စောင့်ကြည့်သူများ(Local Civilian Monitors-LCM)နှင့် ပတ်သက်၍ လုပ်ငန်း အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ (EAOs) များမှ ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုသည့် JMCအဆင့်ဆင့်၏ လုပ်ငန်း လမ်းညွှန်မူကြမ်းအား ထပ်မံဆွေးနွေး အတည်ပြုခြင်း၊ NCA တွင် ပါရှိသော ဝေါဟာရများအနက် JMC ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း (မူကြမ်း)အား ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့အား ဆောင်ရွက်ကြသည်။ အထွေထွေ ဆွေးနွေးချက်တွင် JMC ၏ TSC ဝန်ထမ်းများ ပြန်လည်ပြင်ဆင် ရေးဆွဲခြင်း၊ JMC-S (ကရင်)တွင် ရှေ့ပြေးသုတေသန လုပ်ငန်းအစီရင်ခံစာများ တင်ပြခြင်းနှင့် နီပေါ၊ ဖိလစ်ပိုင်နိုင်ငံတို့၏ ငြိမ်းချမ်းရေး ဆိုင်ရာ လေ့လာရေး ခရီးစဉ်များအား တင်ပြဆွေးနွေးခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားနိုင်ရေး သင်တန်းအမှတ်စဉ်(၄) ကျင်းပခွင့်တင်ပြခြင်း၊ ကုလသမဂ္ဂနည်းပညာ လိုအပ်ချက် အကဲဖြတ်အဖွဲ့၏ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်သည့် လုပ်ငန်းအကျဉ်းအား တင်ပြခြင်းနှင့် အခြားဆွေးနွေးချက်များ ပါဝင်သည်။ သီးခြားဆွေးနွေးရန် အချက်များတွင် JMC-SPP Project Board Meeting ကျင်းပခြင်းအား တင်ပြခြင်း၊ ပညာရှင် စကားဝိုင်းအား JMC-S ဒေသများတွင် ဆက်လက် ဆောင်ရွက်နိုင်ရန် မူဝါဒတောင်းခံခြင်း၊ UN နှင့် ပတ်သက်သည့် Global Perspective on Ceasefire Monitoring ဟောပြောပွဲနှင့် ပတ်သက်၍ မူဝါဒတောင်းခံခြင်း၊ JMC ၏ သုံးနှစ်ကြာ လုပ်ငန်းစဉ်များ တွင် ဆောင်ရွက်နိုင်ခဲ့သော အလေ့အထကောင်းများအား သင်ခန်းစာ ထုတ်ယူခြင်း၊ JMC Website မူကြမ်းတင်ပြခြင်း၊ အတည်ပြုချက် ရယူခြင်းနှင့် JMC၏ လုပ်ထုံးလုပ်နည်း( SOP) မူကြမ်းအား တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့အား ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...