Social Icons

Pages

Thursday, September 6, 2018

မိုးကာလ ရွှေတိဂုံစေတီတော်တွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှု လစဉ်တိုးတက်များပြား



ရန်ကုန် ၆-၉-၂ဝ၁၈

ယခုနှစ်မိုးကာလတွင် ရွှေတိဂုံ စေတီတော်သို့ လာရောက်ဖူးမြော် ကြည်ညိုသည့် နိုင်ငံတကာခရီးသွား ဧည့်သည်အရေအတွက်မှာ လစဉ်တိုးတက်များပြား နေကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ စက်တင်ဘာ ၄ ရက် သတင်းများအရ သိရသည်။

မိုးကာလများတွင် မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေများအရ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွား ဧည့်သည် လာရောက်လည်ပတ်မှု လျော့ကျ လာလေ့ရှိသည်။

ထို့ကြောင့် မိုးကာလများတွင် ရွှေတိဂုံ စေတီတော်သို့ နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက် လည်ပတ်လေ့လာမှုမှာ ဇွန်လမှစတင်ကာ တစ်လထက်တစ်လ ပိုမိုလျော့ကျ သွားလေ့ရှိပြီး အောက်တိုဘာလ ကုန်မှသာ ပြန်လည်မြင့်တက် လာလေ့ရှိသည်။

ယခုနှစ် မိုးကာလတွင် နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက် လည်ပတ်မှုမှာ ယခင်နှစ် မိုးကာလများကဲ့သို့ပင် လျော့ကျသွားခဲ့သော်လည်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံတကာခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများ တစ်လထက်တစ်လ ပိုမိုတိုးတက်များပြား လာခဲ့သည်။

ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့၏ စာရင်းများအရ ယခုနှစ် မိုးကာလဇွန်လတွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော် ကြည်ညိုခဲ့သည့် နိုင်ငံတကာခရီးသွား ဧည့်သည် အရေအတွက်မှာ ၃၃၇၃၃ဦးသာရှိ ခဲ့သော်လည်း ဇူလိုင်လတွင် ၃၄၈၅၉ ဦးနှင့် ပြီးခဲ့သည့် သြဂုတ်လတွင် ၃၆၉ဝ၃ဦး လာရောက်ဖူးမြော် လေ့လာခဲ့ကြောင်း သိရသည်။

မိုးကာလ ဇွန်၊ ဇူလိုင်၊သြဂုတ်လတို့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်လေ့လာ ခဲ့သည့်နိုင်ငံတကာ ခရီးသွားများတွင် ထိုင်းနိုင်ငံသား နိုင်ငံတကာခရီးသွား ဧည့်သည်များ အများဆုံးလာရောက် လေ့လာခဲ့ကြခြင်းဖြစ်ပြီး ဇွန်လတွင် ၈၅၄၉ ဦး၊ ဇူလိုင်လတွင် ၁ဝ၅၂၉ ဦး၊ သြဂုတ်လတွင် ၈၇၂၉ဦး လာရောက်ဖူးမြော် ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ သုံးလတာကာလ အတွင်းတွင် ကိုရီးယား၊ တရုတ်၊ဂျပန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံသားများလည်း လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...