Social Icons

Pages

Tuesday, September 11, 2018

ကျောက်မီးသွေးတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း၊သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိခဲ့သူများကို ကုမ္ပဏီက ပံ့ပိုးကြေးများပေးအပ်



ဆော ၁၁-၉-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာမှ နှစ်မိုင်ခန့် အကွာရှိ ထွန်းရာဇကျောက်မီးသွေး တူးဖော်ရေးကုမ္ပဏီမှ ကျောက်မီးသွေးတွင်း စက်တင်ဘာ ၆ ရက်က ပေါက်ကွဲကာ မြေပြိုကျမှုများဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဆောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းထံမှ သိရသည်။

သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိ ခဲ့သူများအတွက် ထွန်းရာဇ သတ္တုတူးဖော်ရေး ကုမ္ပဏီက လုပ်ငန်းခွင် အတွင်းသေဆုံးခဲ့သူ တစ်ဦးလျှင် ငွေကျပ်သိန်း ၈ဝ ပံ့ပိုးပေးအပ်ခဲ့ပြီး အသက်မသေဘဲ လွတ်မြောက် လာသူများကို တစ်လလျှင်ငွေကျပ်၂၅ဝဝဝဝနှုန်းဖြင့် သုံးလစာ ပံ့ပိုးကြေးပေးကာ ဒဏ်ရာရရှိသူကို ကျန်းမာရေး ကောင်းမွန်သည်ထိ ဆေးဝါးကုသဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတ၊သဘာဝ ပတ်ဝန်းကျင် လျှပ်စစ်နှင့် စက်စွမ်းအင်ဆိုင်ရာ ကော်မတီမှ သိရသည်။

ဒီကနေ့ နံနက် ၁ဝ နာရီမိနစ် ၃ဝ မှာတွင်းထဲ အန္တရာယ်ရှိ၊ မရှိ ဓာတ်ငွေ့တိုင်းတာတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီး သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ တွင်းလုပ်သား ၁၁ ယောက်တို့နဲ့ အတူကယ်ဆယ်ရေးလုပ်ဖို့ တွင်းထဲကို ဆင်းခဲ့ပါတယ်။ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်မှာ တွင်းထဲက ပြန်တက်လာပြီး တွင်းထဲပေ ၆၇ဝ မှာအပေါ်ကမြေသားတွေ ပြိုကျပြီး ကျင်းက လုံးဝပိတ်သွားခဲ့တယ်။ တွင်းထဲမှာ ဓာတ်ငွေ့တွေက ကယ်ဆယ်မယ့် သူတွေအပေါ် အသက်အန္တရာယ် ရှိလာနိုင်လို့ ညွှန်ကြားရေးမှူးရဲ့ အကြံပေးချက်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းကို ရပ်လိုက်တာပါ"ဟု ၎င်းက ပြောပြသည်။

ကျောက်မီးသွေး ပေါက်ကွဲပြိုကျမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် အုန်းပြင်ကျေးရွာမှ နိုင်နိုင်ထွန်း၊ နိုင်လင်းထွန်း၊ အောင်ဇင်ထွန်း၊ ဝန်းသိုမြို့နယ် ဝန်ကြီးကျေးရွာမှ မျိုးခိုင်တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တင်ကျော်ဝင်းကို မန္တလေးမြို့သို့ ပို့ဆောင် ဆေးကုသလျက်ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...