Social Icons

Pages

Tuesday, June 19, 2018

မွန်ပြည်နယ်တွင် ရေပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း ဒေသခံပြည်သူဦးရေ ၇ဝဝဝ ကျော် ယာယီရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရဆဲဖြစ်



မော်လမြိုင် ၁၉-၆-၂ဝ၁၈

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မြို့နယ် ခုနစ်မြို့နယ်တို့တွင် ရေပြန်လည်ကျဆင်း သွားပြီဖြစ်သော်လည်း ဒေသခံပြည်သူဦးရေ ၇ဝဝဝကျော် ယာယီရေဘေးရှောင် စခန်းများနှင့် နီးစပ်ရာဆွေမျိုးများ နေအိမ်တို့တွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ဇွန် ၁၆ ရက်ညမှ စတင်ကာ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးနှင့် တောင်ကျချောင်းရေများ ကြောင့် ဇွန် ၁၇ ရက်တွင် မော်လမြိုင်မြို့အပါအဝင် မုတ္တမ၊ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မုဒုံ၊ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် မြို့နယ် ခုနစ်ခုတို့တွင် ယာယီရေဘေးရှောင်စခန်း ၃ဝ ကျော် ဖွင့်လှစ်ထားပြီး ရေဘေးသင့် ဒေသခံပြည်သူ ဦးရေ ၇ဝဝဝ ကျော်တို့ကို ပြောင်းရွှေ့နေရာချထားပေးကာ ယနေ့တွင် နေရာတချို့ ရေပြန်ကျ သွားသော်လည်း တချို့ရေမြုပ်နေဆဲ အနေအထားကြောင့် ဒေသခံပြည်သူများကို ယာယီရေဘေးရှောင် စခန်းများတွင် ဆက်လက်ခိုလှုံ နေကြရဆဲ ဖြစ်သည်။

"အခုတော့ ရေထက်ဝက် ပြန်ကျသွားပြီ။ ရေဘေးရှောင် စခန်းကတော့ ရှိနေတုန်းပဲ။ ရေကြီးနစ်မြုပ်မှုကြောင့် ကြီးကြီးမားမား ထိခိုက်မှုမရှိပါဘူး"ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပြသည်။

ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့၏ အထင်ကရဖြစ်သည့် ကျိုက်သလံ္လဘုရား တိုးချဲ့ဆောင်၊ ဓမ္မာရုံနှင့် ဘုရားစောင်းတန်း ပြိုကျမှုရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။လက်ရှိတွင် မိုးရွာသွန်းမှု မရှိသည့်အတွက် ရေလည်း တဖြည်းဖြည်းကျသွားပြီး မိုးထပ်မရွာပါက အားလုံးနေအိမ်ပြန်နိုင်သည့် အနေအထားတွင် ရှိသည်ဟု ဒေသခံများက ပြောပြသည်။

"၁၇ ရက်နေ့က အိမ်မှာ ရေ ခြောက်ပေ လောက်တက်တယ်။ ဒီနေ့ ကျသွားပြီ။ အိမ်ထဲမှာတော့ ရေမရှိတော့ဘူး။ မိုးထပ်မရွာရင်တော့ ရေကအကုန် ကျသွားမှာပါ။ ခုက အပြင်မှာ ရေတွေကျန်နေသေးတယ်"ဟု ရေမြုပ်ခဲ့သည့် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်မှ ဦးသောင်းထွန်းက ပြောပြသည်။

မော်လမြိုင်မြို့ပေါ်ရှိ ယာယီရေဘေးရှောင် စခန်းများသို့ ပြောင်းရွှေ့ခိုလှုံနေကြရ သူများကို ဇွန် ၁၇ ရက်က မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှု ကူညီထောက်ပံ့ပေးခဲ့ပြီး ယနေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုယ်တိုင်လာရောက်ပြီး တစ်ဦးလျှင် ငွေကျပ် ၂၁ဝဝ နှုန်းဖြင့် ကူညီထောက်ပံ့မှု ပေးခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

၎င်းပြင် လူမှုကူညီရေး အသင်းအဖွဲ့နှင့် မြို့နေလူထုကလည်း ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ မရှိကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း မော်လမြိုင်မြို့တွင် မြွေကိုက်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သည်ဟု ဘိုဘိုဝင်းအရေးပေါ် လူမှုကူညီရေးအသင်းမှ ဦးဘိုဘိုဝင်းက ပြောပြသည်။

ဇွန် ၁၇ ရက်က မော်လမြိုင်ခရိုင်အတွင်း အမြင့်ဆုံးမိုးရေချိန် ၁၃ ဒသမ ၇ လက်မထိ ရွာသွန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် အပြင်မော်လမြိုင်-ရေး ကားလမ်းတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ ယာဉ်များဖြတ်သန်းသွား လာမရသဖြင့် ကားလမ်းပိတ်ထားခဲ့ရကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း အထူးသဖြင့် မော်လမြိုင်မြို့ပေါ်တွင် ယခင်နှစ်များက အနိမ့်ပိုင်းရပ်ကွက်များသာ ရေကြီးရေလျှံမှု ဖြစ်ပေါ်တတ်သော်လည်း ယခုနှစ်၌ မကြုံဖူးသည့် စံချိန်ဖြင့်ရေကြီး ရေလျှံမှုဖြစ် ပေါ်ခဲ့သည်ဟု မြို့ခံများက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...