Social Icons

Pages

Monday, May 14, 2018

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် အောင်လအန်ဆန်နှင့် ဘရားဇီးနိုင်ငံသား လီအန်ဒရိုအတိုင်ဒီးစ် ထိုးသတ်ရမည်



ရန်ကုန် ၁၄-၅-၂ဝ၁၈

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည့် အောင်လအန်ဆန်၏ ပြိုင်ဘက် ထွက်ပေါ်လာခဲ့ပြီး ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတိုင်ဒီးစ်နှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဟု One Championship က သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

မေ ၁၂ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် ONE;GRIT AND GLORY အမည်ရှိ MMA ပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် လီအန်ဒရိုအတိုင်ဒီးစ်နှင့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ပိုင်ရှင်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ထိုးသတ် ခဲ့ရာတွင် လီအန်ဒရိုအတိုင်ဒီးစ်အနေဖြင့် သုံးချီမြောက်တွင် ဘစ်ဒက်ရှ်ကိုအလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန် အနေဖြင့် MMA ကမ္ဘာ့လိုက်ဖ် ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲစဉ်က ဘရားဇီးနိုင်ငံသား မာချာဒိုကို အနိုင်ရရှိခဲ့ပြီး ယခုအခါ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်တွင်လည်း ဘရားဇီး နိုင်ငံသားတစ်ဦးနှင့် ထပ်မံယှဉ်ပြိုင် ရဦးမည်ဖြစ်သည်။

"လီအန်ဒရိုအတိုင်ဒီးစ်နဲ့ ထိုးသတ်ရမယ့် ပွဲစဉ်အတွက် ကျွန်တော်အရမ်း စိတ်လှုပ်ရှား မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ လက်သီးတွဲလုံး၊ ကန်ချက်၊ ဒူး ဒါမှမဟုတ် ချုပ်ကွက်တွေနဲ့ ပွဲကိုအဆုံးသတ် နိုင်တဲ့သူတွေပါ။ အဲဒီပွဲစဉ်ဟာ အရမ်းကိုစိတ်လှုပ်ရှား ရမယ့်ပွဲစဉ် ဖြစ်လာမှာပါ။ ဇွန် ၂၉ ရက် ရန်ကုန်မြို့မှာ ထိုးသတ်မယ့်ပွဲစဉ်ကို ဘယ်သူတွေ လာကြည့်ကြမှာလဲ။ အားလုံးအတွက် ကိုယ်စားပြုပြီးတော့ ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံး လုပ် ဆောင်သွားမှာပါ"လို့ အောင်လအန်ဆန်က ပြောကြားခဲ့သည်။

အောင်လအန်ဆန်နှင့် လီအန်ဒရိုအတိုင်ဒီးစ်တို့ ယှဉ်ပြိုင်ထိုးသတ်မည့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကို လာမည့် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်အနေဖြင့် ယခုနှစ် အတွင်း MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲအပြင် MMA ကမ္ဘာ့လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကိုလည်း ထိုးသတ်ရဦးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...