Social Icons

Pages

Monday, May 14, 2018

အခွန်စံနှုန်း ပြည့်မီစွာ ကောက်ခံနိုင်ရေးအတွက် မန္တလေးမြို့ရှိ နေအိမ်စာရင်းများ ပြန်လည်ကောက်ယူမှု ခြောက်လအတွင်း အပြီးဆောင်ရွက်မည်



မန္တလေး ၁၄-၅-၂ဝ၁၈

အခွန်စံနှုန်းပြည့်မီစွာ ကောက်ခံနိုင်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်းရှိ နေအိမ်စာရင်းများကို ပြန်လည်ကောက်ယူ လျက်ရှိရာ စာရင်း၌ရှိသည့် ထရံကာ၊သွပ်မိုးများအစား မြေပြင်၌ နံကပ်၊ RC နှစ်ထပ်၊ သုံးထပ်ဖြစ်နေမှုများ အများဆုံးတွေ့နေရကြောင်း၊ နေအိမ်စာရင်းများ ပြန်လည်ကောက်ယူခြင်းကို Mini ဘတ်ဂျက်ခြောက်လ တာကာလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်းရှိ နေအိမ်အများစုမှာ ယခုအခါပြောင်းလဲ ဆောက်လုပ်ထားကြပြီး အခွန်ပေးဆောင်ရာတွင် ယခင်ပြောင်းလဲ ဆောက်လုပ်ခြင်း မပြုမီက နှုန်းထားများဖြင့်သာ ပေးဆောင် နေကြသည့်အတွက် အခွန်များဆုံးရှုံးမှု ရှိနေသဖြင့် အခွန်စံနှုန်းပြည့်မီစွာ ကောက်ခံနိုင်ရေး အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

"မြို့ရဲ့ အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီးကွဲလွဲမှု မရှိပါဘူး။ ဒါပေမဲ့ ထောင်ဂဏန်း လောက်တော့ ရှိပါတယ်။ အခွန်တိုးမြှင့် ကောက်တာမျိုး မဟုတ်ပါဘူး။ အဆောက်အအုံအလိုက် သတ်မှတ်ထားတဲ့ အခွန်နှုန်းထား အတိုင်း ကောက်ခံနိုင်ဖို့ အတွက်လုပ်တာပါ။ အဲဒီလိုစစ်ဆေး တွေ့ရှိခဲ့ရင် အရေးယူမှု အနေနဲ့တော့ လုပ်ဆောင် တာမျိုးမရှိပါဘူး။ မြေပြင်မှာ ရှိနေတဲ့အတိုင်း သတ်မှတ်အခွန် ပေးဆောင်ဖို့ကိုသာ ရှင်းပြပြီး စည်းရုံးပြောဆိုပါတယ်"ဟု ကော်မတီဝင် ဦးကျော်ဇောအောင်က ဆက်လက် ပြောပြသည်။

နေအိမ်များ အခွန်ကောက်ခံရာ တွင်ခြောက်လလျှင်တစ်ကြိမ် ကောက်ခံနေခြင်းဖြစ်ရာ တစ်ကြိမ်နှင့်တစ်ကြိမ် ကောက်ခံမှုကြား၌ နေအိမ်အချို့သည် ပြင်ဆင်၊ အသစ်တည်ဆောက် ခြင်းများကို ခွင့်ပြုချက်မယူဘဲ ပြုလုပ်နေကြသည့် အတွက် သတ်မှတ်အခွန် စံနှုန်းအတိုင်း ပြည့်မီစွာရရှိမှု မရှိခြင်းကြောင့် အခွန်များဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။

စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်း၌ အဆောက်အအုံ များပြောင်းလဲ ဆောက်လုပ်ရာတွင် ခွငြ့်ပုချက်ယူ၍ ဆောက်လုပ်ရမည် ဖြစ်သော်လည်း မိမိသဘော ဆန္ဒဖြင့်လုပ်ဆောင်ခြင်း၊ မူလပိုင်ရှင်ထံမှ တစ်ဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲဆောက်လုပ် ကြသော်လည်း အမည်ပေါက်ပြောင်းလဲခြင်း မပြုလုပ်ကြခြင်းကြောင့် အခွန်များ အလိုအလျောက် ဆုံးရှုံးနေကြောင်း သိရသည်။

"လောလောဆယ် အခြေအနေက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံတွေ ဆီကနေစာရင်းရှိနဲ့ မြေမြင်ကိုက်ညီမှု မရှိတာတွေကို ကောက်နေပါပြီ။ သတ်မှတ်ထားတဲ့ အခွန်စံနှုန်းအတိုင်း ကောက်ခံနိုင်ဖို့ အတွက်က မြေပြင်နေအိမ် စာရင်းအမှန် ရဖို့လိုပါတယ်။ ဒါကြောင့် အမြန်ဆုံးပြီးစီးအောင် ကောက်ခံသွားမှာပါ။ မန္တလေးမြို့တော်ကြီး သာယာလှပဖို့အတွက် ဆိုရင် အားလုံးက ဝိုင်းဝန်းမှသာ ဖြစ်လာမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

နေအိမ်များ အိမ်ခွန်ကောက်ခံခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ ကောက်ခံခြင်းဖြစ်ပြီး အဆိုပါအခွန်များကို ကောက်ခံရသည့် ဝန်ထမ်းများ အားနည်းခြင်းနှင့်အတူ စည်းကြပ်မှု အားနည်းခြင်း များကြောင့်လည်း ပြောင်းလဲဆောက်လုပ် ထားသည့်အတိုင်း အခွန်ပေးဆောင်မှု အလွန်နည်းပါး ကြကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နေအိမ်များကို နံကပ်အိမ်၊ RC တိုက်စသည်ဖြင့် အမျိုးအစားအလိုက်၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမကြီးစသည်ဖြင့် နေရာအလိုက်အခွန် နှုန်းထားများကို သတ်မှတ်ထားပြီး စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်း၌ နံကပ်အိမ်မှ RC တိုက်များအဖြစ်သို့ ပြောင်းလဲဆောက်လုပ် ထားသော်လည်း စည်ပင်သို့ အခွန်ပေးဆောင်ရာတွင် နံကပ်အိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ ပေးဆောင်နေသည့် အိမ်ပေါင်း ၁ဝဝဝ ကျော်ရှိနေသဖြင့် အခွန်ငွေကျပ် သိန်းပေါင်း တစ်ထောင်ခန့် နှစ်စဉ်ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...