Social Icons

Pages

Wednesday, May 9, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး ဦးဆောင်သည့် ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့(JPF) အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E.Mr.Pier Giorgio Aliberti အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၉-၅-၂ဝ၁၈

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti ဦးဆောင်သည့် ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့ (Joint Peace Fund - JPF) အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့(JPF)အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီးနှင့်အတူ ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့ (JPF) အလှည့်ကျ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ ဒုတိယသံအမတ်ကြီး Mrs. Lise Nordgaard နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပူးတွဲငြိမ်းချမ်းရေးရံပုံငွေအဖွဲ့ (JPF) တွင်သြစတေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ဖင်လန်၊ အီတလီ၊ဂျပန်၊ နော်ဝေ၊ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သောအဖွဲ့အစည်းများအား ငွေကြေးရံပုံငွေ၊ နည်းပညာအကူအညီများနှင့် အကြံဥာဏ် များ ပေးရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် မတူညီသော သမိုင်းကြောင်းနောက်ခံအကြောင်း အရာများ အပေါ်မူတည်၍ ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး၏ အခြေအနေများနှင့် ငြိမ်းချမ်းရေးရရှိရန် ခက်ခက်ခဲခဲ စိတ်ရှည်သည်းခံစွာ ဆောင်ရွက်နေသည့် အခြေအနေများ၊ တွေ့ကြုံဖြတ်သန်းခဲ့ရသည့် သမိုင်း သင်ခန်းစာများအရ တပ်မတော်မှ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မည်သည့်နိုင်ငံတွင်မဆို လက်နက်ကိုင် လမ်းစဉ်ဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်း၍ မရနိုင်သည့် အခြေအနေများနှင့် ပူးတွဲငြိမ်းချမ်းရေးရံပုံငွေအဖွဲ့ (JPF) က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ကူညီဆောင်ရွက်ရာ၌ ဖြစ်စဉ်ဖြစ်ရပ် အမှန်အတိုင်း လေ့လာသိရှိဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့ (JPF) ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...