Social Icons

Pages

Monday, May 14, 2018

ပြင်ဦးလွင်မြို့တွင် နေရာတိုင်း၌ အခကြေးငွေကောက်ခံ နေခြင်းကြောင့် ဈေးရောင်းသူနှင့် လာရောက်လည်ပတ်သူများ အခက်တွေ့နေဟုဆို



ပြင်ဦးလွင် ၁၄-၅-၂ဝ၁၈

ပြင်ဦးလွင်မြို့သည် လာရောက် လေ့လာလည်ပတ်ရန် အထင်ကရ နေရာများ ပေါများခြင်းကြောင့် နေ့စဉ်ဝင်ထွက် သွားလာနေကြသည့် ခရီးသွားဧည့်သည် များပြားလျက် ရှိနေသော်လည်း မြို့အဝင်အထွက် မှစတင်လျက် နေရာတိုင်းတွင် အခကြေးငွေများ ကောက်ခံလျက် ရှိနေသောကြောင့် ခရီးသွားဧည့်သည်များ အပါအဝင် အဆိုပါ ဧည့်သည်တို့ကိုမှီတင်း၍ ဈေးရောင်းနေရသည့် ဈေးသည်များမှာလည်း အရောင်းအဝယ်ပါးကာ အခက်တွေ့နေ ရကြောင်း သိရသည်။

"ပြင်ဦးလွင်မြို့ထဲကို မဝင်ခင်ကတည်းက မြို့ဝင်ကြေးဆိုပြီး ကားတားကောက်ခံတာကို ခံနေကြရတယ်။ မြို့ထဲမဝင်ဘဲ မြို့ရှောင်လမ်းကနေ သွားမယ့်ကားတွေကိုရော၊ ပြင်ဦးလွင်မြို့တွင်းမှာရှိတဲ့ ကားတွေကိုရော အကုန်ကောက်ခံနေတာကိုတွေ့ရတယ်။ နောက်ပြီးကားတွေက အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ ပွဲကောက်ရေတံခွန်စတဲ့ အထင်ကရ ဘယ်နေရာတွေ ကိုပဲသွားသွား ယာဉ်ရပ်နားခ လူဝင်ကြေး ထပ်ပေးရသေးတယ်။ ပြင်ဦးလွင်မှာရှိနေတဲ့ အထင်ကရ နေရာတွေကို တစ်နေကုန် အနှံ့လူဆယ်ယောက်ပါတဲ့ ကားတစ်စီး လည်ပတ်မယ်ဆိုရင် လူဝင်ကြေးနဲ့ ယာဉ်ရပ်နားခတွေ ပေါင်းလိုက်ရင် ငွေကျပ် တစ်သိန်းလောက် ကုန်နေပါပြီ။ ဒါကြောင့် ဘယ်ကိုမှ မလည်မပတ်ကြတော့ဘဲ မြို့မဈေးကြီးမှာ ဈေးဝယ်ပြီးပြန်ကြမယ်။ လမ်းဘေးဆွယ်တာဆိုင်တွေမှာ ဆွယ်တာဝယ်ပြီး ပြန်ကြမယ်ဆိုရင်တောင် ကားရပ်လိုက်တဲ့နေရာ တိုင်းမှာယာဉ်ရပ်နားခဆိုပြီး လာကောက်နေလို့ ကားရပ်လိုက်တိုင်း ပေးနေရတယ်။ ပြင်ဦးလွင်မှာ ဘုရားသွားလဲ ငွေကောက်၊ လည်ပတ်လဲ ငွေလာတောင်း၊ နောက်ဆုံးအများသုံး သန့်စင်ခန်းသွားရင်လဲ ငွေပေးနေရလို့ နောက်ဆိုလာလည်ရမှာကို ကြောက်နေပါပြီ"ဟု ခရီးသွားယာဉ် မောင်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"လာလည်ကြသူတွေက နေရာတိုင်းမှာ ဝင်ကြေးတွေ ပေးနေရတော့ သူတို့လဲဈေးဆိုင်တွေမှာ လာဝယ်စားကြတာ နည်းကုန်ကြတယ်။ အကုန်အကျတွေ များကြလို့ အိမ်ကနေ ထမင်းချိုင့်တွေ၊ အစားအသောက်တွေ ကိုယ်စီထည့်လာ ကြတော့ ဈေးဆိုင်တွေမှာ အရင်ကလို ဈေးရောင်းလို့ မကောင်းတော့ဘဲ အရောင်းအဝယ် ပါးကုန်ကြတယ်"ဟု ဈေးရောင်းချသူတစ်ဦးက ပြောပြသည်။

ပြင်ဦးလွင်မြို့၌ ယာဉ်ဝင်ကြေးနှင့် ယာဉ်ရပ်နားခအဖြစ် ငွေကျပ်နှစ်ရာ၊ သုံးရာ၊ ငါးရာနှုန်းများဖြင့် ကောက်ခံလျက်ရှိနေပြီး လူဝင်ကြေးများအဖြစ် နေရာအလိုက် လူတစ်ဦးလျှင် နှစ်ရာ၊ ငါးရာ၊ တစ်ထောင်၊နှစ်ထောင်၊ လေးထောင် စသည်ဖြင့် သတ်မှတ်ကောက်ခံ လျက်ရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...