မန္တလေး ၂၁-၅-၂ဝ၁၈
'မြန်မာ့သရက် ကမ္ဘာ့ဈေးကွက်' အမည်ဖြင့် သရက်သီးဈေးရောင်း ပွဲတော်ကို မန္တလေး အောင်မြေသာစံမြို့နယ် ကုသိုလ်တော်ဘုရားတောင် ဘက်မုခ်အနီး၌ ယနေ့မှစ၍ မေ၂၂ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ည၇နာရီထိ ကျင်းပကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေး အသင်းအထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြ၍ သိရသည်။
သရက်သီးဈေး ရောင်းပွဲတော်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးဖြစ်ထွန်းသော စိန်တလုံး သရက်သီးအပြင် ရင်ကွဲ၊ မချစ်စု၊ မနော်နွယ်၊ တံစုမြိတ်၊ ရွှေဟင်္သာ၊ သုံးလုံးတစ်တောင်စသည့် သရက်သီး မျိုးကွဲများကို ပြည်တွင်းသာမက ပြည်ပ ဧည့်သည်များပါ လာရောက်လေ့လာ နိုင်ရန်ပြသ ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
သရက်သီး ဈေးရောင်းပွဲတော်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံတာဝန်ရှိသူများ၊ ကုန်သည်အသင်းများ၊ သရက်သီးအသင်းနှင့် အစုအဖွဲ့များ၊သရက်စိုက် တောင်သူများ တက်ရောက် ကြသည်။
မြန်မာ့သရက်သီး ကဏ္ဍ၏လိုအပ်သော ကွက်လပ်များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက သိရှိ၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာစေရန်နှင့် မြန်မာ့သရက်သီး၏ အရသာကို ကမ္ဘာလှည့် ခရီးသွားများ သိရှိသွားခြင်းဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချမှု တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံမှာ ပြည်တွင်း သရက်မျိုးတွေ ဖြစ်တဲ့ ရင်ကွဲ၊ စိန်တလုံး၊ မချစ်စုစတဲ့ သရက်သီးမျိုး ၁၉ဝ ကျော်ရှိတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ နိုင်ငံခြားသရက် မျိုးတွေဖြစ်တဲ့ နမ်တော်မှိုင်း၊ စိမ်းချိုစတဲ့ မျိုးတွေကိုလဲ စမ်းသပ် စိုက်ပျိုးနေကြပါတယ်။ ဒီပွဲမှာသရက်သီး မျိုးကွဲတွေကို လေ့လာလို့ရအောင် ပြသထားတာတွေရှိတော့ သရက်သီးဝယ်ယူ ချင်ရင်ပဲဖြစ်ဖြစ်၊ လေ့လာချင်လို့ပဲဖြစ်ဖြစ် လာဖို့ဖိတ်ခေါ်ပါတယ်"ဟု ၎င်းက ပြောပြသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် သရက်စိုက် တောင်သူများ၊ သစ်သီးပွဲရုံများ၊ သရက်ထုတ်လုပ် ရောင်းချသူများ ချိတ်ဆက်၍ ဈေးကွက် ရရှိစေရန်နှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ ပျိုးပင်များကို တစ်နေရာတည်းတွင် လေ့လာ ဝယ်ယူ နိုင်စေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment