တောင်ငူ ၁ဝ-၅-၂ဝ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ပြိုင်ကင်း ဂျုံကြိတ်ခေါက်ဆွဲဆိုင်နှင့် တွဲလျက်ရှိသော နေအိမ်အပေါ်ထပ်တွင် ယနေ့ နံနက် ၇ နာရီခန့်က အဝတ်များ မီးပူတိုက်ပြီး မေ့ထားခဲ့ရာမီးပူမှတစ်ဆင့် အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုကို တောင်ငူခရိုင်နှင့် မြို့နယ် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၇ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ်သုံးစီး၊ အရပ်ဘက် အဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက်၇နာရီ မိနစ် ၃ဝ ခန့်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဦးဥာဏ်စိုး ပိုင်ဆိုင်သော အလျား ၃၂ပေ၊ အနံပေ၄ဝ၊ သွပ်မိုး အုတ်နံရံကာ နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်၁ဝ သိန်းခန့်ရှိကာ လူနှင့်တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပြိုင်ကင်းဂျုံကြိတ် ခေါက်ဆွဲဆိုင်ပိုင်ရှင် ဥာဏ်စိုးကို တောင်ငူမြို့မ ရဲစခန်းက (ပ)၃၆၁/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment