Social Icons

Pages

Tuesday, May 15, 2018

ကျိုက်မရောမြို့နယ်ရှိ သဘာဝထုံးကျောက် ဖားဘောင်ဂူကို သဘာဝခရီးသွား လုပ်ငန်းဇုန်အဖြစ် သတ်မှတ်ရန်စီစဉ်



ကျိုက်မရော ၁၅-၅-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဝါးပြန်ကုန်း ကျေးရွာအနီးရှိ သဘာဝထုံးကျောက် ဖားဘောင်ဂူကို သဘာဝခရီးသွား လုပ်ငန်းဇုန် အဖြစ်သတ်မှတ်ရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာ မင်းကြည်ဝင်းထံမှ သိရသည်။

အဆိုပါသဘာဝ ထုံးကျောက်ဖားဘောင် ဂူအပြင် ယင်းဒေသရှိ ရေပူစမ်းတစ်ခုကိုလည်း သဘာဝခရီးသွား လုပ်ငန်းဇုန်အဖြစ် သတ်မှတ်ရန် စီစဉ်လျက်ရှိသည်။ ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ဖားဘောင်ဂူသည် မွန်ပြည်နယ် အတွင်းရှိ ဂူများအနက် အကြီးဆုံးသဘာဝ ထုံးကျောက်လိုဏ်ဂူ တစ်ခုလည်း ဖြစ်သည်။

''ဒီဒေသက ခရီးသွား လုပ်ငန်းလုပ်ကိုင်ဖို့ နေရာများစွာ ရှိနေတဲ့ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။ ကျိုက်မရောမှာက ခရုံဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ စတဲ့ဂူများ စွာလည်း ရှိနေပါတယ်။ ဒါတွေကို ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းပေးထားတယ်။ အခု ထုံးကျောက်ဖား ဘောင်ဂူကို ခရီးသွားလုပ်ငန်း ဇုန်သတ်မှတ်ဖို့ စီစဉ်နေပါတယ်။ လိုအပ်တဲ့ အစီရင်ခံစာကိုလည်း ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်တင်ပေးရမယ်။ ဒါတွေလုပ်ဆောင်ဖို့ ရှိနေပါတယ်'' ဟု ဝန်ကြီးဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ထို့ပြင် ဇီဝမျိုးကွဲများကို ထိန်းသိမ်းနိုင်ရန် အတွက် အကျယ်အဝန်း ၄၄၆ ဧကခန့်ရှိသည့် ဖားဘောင်ဂူ (ဖားဘောင်တောင်) ကို သဘာဝကြိုးဝိုင်း နယ်မြေအဖြစ် သတ်မှတ်ရန် သစ်တောဦးစီးဌာနမှ အကောင်အထည် ဖော်လျက် ရှိသည်။ လက်ရှိတွင် ဇုန်သတ်မှတ် နိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ဦးဆောင် ပါဝင်မည့် ကော်မတီတစ်ရပ်ကို လည်းဖွဲ့စည်းထားပြီး လုပ်ငန်း အကောင်အထည် ဖော်နိုင်ရန် ကွင်းဆင်းလေ့လာလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...