Social Icons

Pages

Thursday, April 12, 2018

YRTA သို့စာဖြင့် တင်ပြပါက သင်္ကြန်ကာလအတွင်း YBS ယာဉ်ပေါ်၌ ယာဉ်နောက်လိုက် ထားခွင့်ပြုမည်



ရန်ကုန် ၁၂-၄-၂ဝ၁၈

ယာဉ်လိုင်းကုမ္ပဏီများ သင်္ကြန်ကာလအတွင်း ယာဉ်နောက်လိုက် ထားခွင့်ပေးရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သို့ စာနှင့်တကွ တင်ပြလာပါက ခွင့်ပြုမည်ဖြစ်ကြောင်း YRTA တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း YBS ယာဉ်ပေါ်၌ တပ်ဆင်ထားသော ငွေထည့်ပုံး၊ CCTV နှင့် တခြားနည်းပညာမြင့် ပစ္စည်းများ ရေစို၍ ထိခိုက်နိုင်သဖြင့် ကားရှေ့ပေါက်ပိတ်ပြီး နောက်ပေါက်မှသာ အတက်အဆင်း ပြုလုပ်ရမည် ဖြစ်သောကြောင့် ယာဉ်နောက်လိုက်ထားပြီး ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

''ယာဉ်နောက်လိုက် ထားပြီး ပြေးဆွဲမယ်ဆိုရင် YRTA ကို စာနဲ့အကြောင်းကြား တင်ပြဖို့လိုပါတယ်။ ကားရှေ့ပိုင်းက ဂက်စ်ဘောက်တွေရေဝင်ရင် အန္တရာယ်ဖြစ်နိုင် တာကြောင့် သင်္ကြန်ကာလကိုတော့ ချွင်းချက် ပေးရမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

သင်္ကြန်ကာလအတွင်း YRTA မှ ယာဉ်စီးခ ပိုမိုကောက်ခံခြင်းမပြုရန် ယာဉ်လိုင်း ကုမ္ပဏီများအား ညွှန်ကြားထားသော်လည်း နှစ်စဉ် သင်္ကြန်ကာလများတွင် ယာဉ်စီးခပိုမို ကောက်ခံသည့် အစဉ်အလာ ရှိခဲ့ခြင်းကြောင့်ခရီးသွားပြည်သူများ အနေဖြင့် စိုးရိမ်နေကြောင်း သိရသည်။

''သင်္ကြန်ကာလမှာ ယာဉ်နောက်လိုက် ထားမယ်ဆိုရင် ဒါကယာဉ်စီးခ ပိုတောင်းဖို့ စီစဉ်နေတာလို့ထင်ကြတယ်။ နှစ်တိုင်းက သင်္ကြန်ကာလမှာ ယာဉ်စီးခ ပိုတောင်းတာတွေ မြို့တွင်းရော အဝေးပြေး ယာဉ်လိုင်းတွေပါ ထုံးစံလို ဖြစ်နေပြီး သင်္ကြန်တွင်း ဥပုသ်စောင့်သွားတဲ့သူတွေ၊ အလုပ်လုပ်နေတဲ့ လူတွေအများကြီးပါ။ ယာဉ်စီးခပိုတောင်းရင်တော့ အဆင်ပြေမှာမဟုတ်ဘူး'' ဟု ခရီးသွားပြည်သူ မခိုင်ကပြောသည်။

YRTA အနေဖြင့် သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေ ၈ဝဝ ကျော်ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...