Social Icons

Pages

Thursday, April 5, 2018

မြောင်းမြကြိုးတံတား ကျိုးကျခြင်းမှာ ကွန်ကရစ်ကြိုးထိန်းခုံ အတွင်းပိုင်းတွင် မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြည့်ခြင်း ကြောင့်ဖြစ်


မြောင်းမြကြိုးတံတား မြစ်အတွင်း ကျိုးကျခဲ့မှုကို တွေ့ရစဉ်။

ရန်ကုန် ၅-၄-၂ဝ၁၈

ဧရာဝတီ တိုင်းဒေသကြီးရှိ မြောင်းမြကြိုးတံတား ကျိုးကျပျက်စီးရခြင်းမှာ ကွန်ကရစ် ကြိုးထိန်းခုံ၏ အတွင်းပိုင်းတွင် ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြည့်ကာ ကြိုးပြတ်ကျခြင်း ကြောင့်ဖြစ်ကြောင်း ယနေ့ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ကြေညာချက်အရ သိရသည်။

မြောင်းမြ ကြိုးတံတားမှာ ဧပြီ ၁ရက် နံနက် ၁နာရီ ၄၅မိနစ်က ကြက်စာများ တင်ဆောင်လာသည့် ခြောက်ဘီးကုန်ကား ဖြတ်သန်းနေချိန်တွင် ကျိုးကျခဲ့သဖြင့် ကုန်ကားနှင့်အတူ ယာဉ်မောင်း ဦးသန်းဇော်ထိုက် (ခ)
မှတ်ကြီးနှင့် ယာဉ်နောက်လိုက်တို့မှာ မြောင်းမြမြစ်ထဲကို ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြစ်ထဲပြုတ်ကျခဲ့သည့် ကားနှင့်အတူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အလောင်းတို့ကို ဧပြီ ၁ ရက်ညနေပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိ ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိအချိန်တွင် မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့ကို ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှုများ မပြတ်တောက်စေရန် ဇက်ကူးတို့ လေးစီးဖြင့် အခမဲ့ပို့ဆောင်ပေးရန် စီစဉ်ထားပြီး လူမှုကူညီရေး အသင်းများက
စက်လှေသမ္ဗန်များဖြင့် အခမဲ့ပြေးဆွဲနေကာ တည်ဆောက်နေဆဲ တံတားအသစ်ကို အမြန်ဆုံးပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မြောင်းမြကြိုးတံတားကို ၁၉၉၄ ခုနှစ်က စတင်တည်ဆောက် ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့ကာ လက်ရှိတွင် တံတားသက်တမ်းမှာ ၂၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ 
ကျန်ကြိုးတံတားလေးစင်းကိုလည်း ပြန်လည်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများကို နှစ်စဉ်တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန် စစ်ဆေးပြီး ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မြောင်းမြတံတားအပါအဝင် စုစုပေါင်း
ကြိုးတံတား အစင်း ၃ဝရှိပြီး ကျန်ကြိုးတံတားများကို ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစ၍ လက်ရှိကြိုး တံတားနှင့်အပြိုင် တံတားအသစ်တစ်စင်းကို ဂျပန်အင်ဂျင်နီယာ ပညာရှင်များနှင့် ပူးပေါင်း၍ ဂျပန်နည်းပညာဖြင့် တည်ဆောက်နေပြီး
တည်ဆောက် ချိန်ကာလ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား အသစ်သည် နည်းပညာအရ တည်ဆောက်ချိန် သုံးနှစ်ခန့်ကြာမြင့်မည် ဖြစ်သောကြောင့် လက်ရှိတွင် လမ်းပန်းဆက်သွယ်မှု အခြေအနေအရ တံတားအသစ်တစ်စင်း အမြန်လိုအပ်နေပြီ ဖြစ်သဖြင့်
တံတားအသစ်ကို တစ်နှစ်အတွင်း ပြီးစီးရန် အမျိုးအစားပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် လက်ရှိအသုံးပြု လျက်ရှိသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ ကြိုးတံတား ၂၉ စင်းကို စိုးရိမ်မှုမရှိကြပါ ရန်နှင့် အဆိုပါတံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...