Social Icons

Pages

Thursday, April 5, 2018

ယခုနှစ်မှစ၍ နွေစပါးဝယ်ယူရန် ကာလတိုချေးငွေ ထုတ်ချေး ပေးရန်စီစဉ်



ရန်ကုန် ၅-၄-၂ဝ၁၈

ပြည်တွင်းရှိ စပါးဈေးကို ထိန်းညှိပေးနိုင်ရန် ယခုနှစ်မှစ၍ နွေစပါး ပေါ်ချိန်တွင် စပါးဝယ်ယူနိုင်ရေး အတွက် ကာလတို ချေးငွေများ ထုတ်ချေးပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းဝင်းထံမှ သိရသည်။

''မနှစ်ကတော့ ဒီလိုထုတ်ချေးပေးတဲ့ အစီအစဉ်မရှိပါဘူး။ ဒီနှစ်တော့ အခြေခံစပါး ဈေးနှုန်းက ငွေကျပ် ငါးသိန်းအောက် ရောက်ရင် ဝယ်ပေးမှာကို ကြေညာထားလို့ ငါးသိန်းအောက်ကို မရောက်အောင် ထိန်းညှိတဲ့ သဘောပါ။ စပါးက အခုချိန်မှာ များများထွက်တဲ့အတွက် ဈေးမကျအောင် ဝယ်ပေးမယ်။ ချေးငွေကို ကာလတိုသုံးလ ထုတ်ချေးပေးမှာပါ''ဟု ဦးသောင်းဝင်းက ပြောသည်။

အဆိုပါချေးငွေကို ဆန်စက် လုပ်ငန်းရှင်များ၊ ပြည်ပသို့ ဆန်တင်ပို့သူများ၊ Exporter များ၊ ဆန်ကုန်သည်များနှင့် ဆန်စပါးအထူးပြု ကုမ္ပဏီများမှ လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားသူများ အနေဖြင့် သင့်တင့်သော သိုလှောင်ရုံ၊ အခြောက်ခံစက်၊ နေရာအကျယ်အဝန်း၊ ဆန်စပါးလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံ နှစ်နှစ်ရှိရန် လိုအပ်ကြောင်း သိရသည်။

''တစ်ဦးကို ချေးငွေပမာဏ ဘယ်လောက်ရမယ် ဆိုတာကတော့ သတ်မှတ်မထားပါဘူး။ တစ်ဦးကို ဘယ်လောက်နှုန်း ဆိုပြီးလည်း သတ်မှတ်မထားပါဘူး။ ကိုယ့်ရဲ့သိုလှောင်နိုင်မှု အနေအထားနဲ့ စက်အနေအထားကိုတင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုတင်ပြမှ ဘယ်လောက် ရနိုင်မလဲဆိုတာ ဘဏ်ကနေ လာရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်ဦးဘယ်လောက်နှုန်း ပေးမယ်လို့ သတ်မှတ်ထားလို့ မရပါဘူး'' ဟု ဦးသောင်းဝင်းက ပြောသည်။

ထိုချေးငွေများနှင့် ပတ်သက်၍ ယခုစတင် လျှောက်ထားနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဖိတ်ခေါ်လျက်ရှိရာ စိတ်ပါဝင်စားသူများ အနေဖြင့် လျှောက်လွှာများကို ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်စေ၊ လုပ်ငန်းရှင်မှဖြစ်စေ လက်မှတ်ရေးထိုးပြီး လုပ်ငန်းလိုင်စင်မိတ္တူ၊ သိုလှောင်ရုံ၏ တည်နေရာနှင့် အကျယ်အဝန်း၊ သိုလှောင်ရုံ ပိုင်ဆိုင်မှု အထောက်အထားမိတ္တူ၊ သိုလှောင်ရုံ၊ ဆန်စက်နှင့် အခြောက်ခံစက်တို့ကို ရိုက်ထားသော ဓာတ်ပုံများဖြင့် ဧပြီ ၁၂ ရက်မတိုင်မီ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၌ လျှောက်ထားနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...