Social Icons

Pages

Friday, April 6, 2018

ဒီနေ့ပဲ စလိုက်ပါ


Image result for work
ဆောင်းပါး ၆-၄-၂ဝ၁၈

အလုပ်တစ်ခုကို ပြီးစီးနိုင်ရန်အတွက် ဦးစွာပထမ အဓိကလိုအပ်သည်မှာ စတင်လုပ်ဆောင်မှု ဖြစ်သည်။

"ကောင်းစွာ အစပျိုးခြင်းသည် လုပ်ငန်းတစ်ဝက် ပြီးပြီးသားဖြစ်သည်" ဟု အင်္ဂလိပ်စကားပုံ တစ်ခုက ဆိုထား၍ ခရီးတစ်သောင်းကို ခြေတစ်လှမ်းက စရသည့်အတိုင်း အစပိုင်းကို စချင်သောနေရာမှ စဖြစ်အောင်စလိုက်ပါ။လူ့ဘဝနှင့် အလုပ်သည် ဒွန်တွဲဆက်စပ်လျက်ရှိ သောကြောင့် လုပ်ချင်သောအလုပ်၊ လုပ်သင့်သော အလုပ်ဟု နှစ်မျိုးရှိသော်လည်း မည်သည့် အလုပ်ကိုပဲလုပ်လုပ် အဓိကကစတင်ရန် ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သော ၁၉၈၇ခု နှစ် မေ၃ဝရက်က ဆရာတွံတေးသိန်းတန် ကိုယ်တိုင် သူ့လက်ရေးဖြင့် ကျွန်တော်၏ မှတ်စုစာအုပ် ကလေးထဲတွင် အမှတ်တရ ရေးပေးသွားသော စာစုကလေးတစ်ခုက"ညီငယ် ဘယ်အလုပ်ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ်၊ အစ စပြီးလျှင် ပြီးစီးအောင်လုပ်တတ်ဖို့ ကြိုးစားပါ။" ထိုစကားနည်းတူ "အလုပ်တစ်ခုကို စတင်တတ်သော ပညာသည် အရေးကြီးသည်။ သို့သော် ပြီးစီးအောင် လုပ်တတ်သော အတတ်ပညာကပို၍ အရေးကြီးသည်" ဟု လောင်းဖဲလိုးက ထပ်ဆင့်ဆိုထားပြန်ရာ လုပ်ရမည့် အလုပ်တစ်ခုကို ရက်ရာဇာ၊ ပြဿဒါးမရွေးဘဲ စတင်ကြရန် လိုအပ်သည်။

ဂျိန်းစ်သောမဆင် ပြောသည့် "ကံကြမ္မာက လူတစ်ယောက်ကို သူစီးနိုင်သည့် မြင်းနှင့် သူရွက်လွှင့်နိုင်မည့် လှေတစ်စီးပေးထားသည်" ဟူသော စကားအတိုင်း လူတိုင်းကိုယ်စီ ကိုယ်နှင့်ထိုက်တန်သော အလုပ်ကို ယခုပဲစတင် လိုက်ပါ။ စရမည်က ကိုယ့်ကိစ္စ။ အစကောင်းလျှင် အနှောင်းသေချာမှာ မလွဲပါ။ ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ က "Impossible is a word to be found only in the dictionary of fools. (မဖြစ်နိုင်ဆိုသော စကားလုံးသည် လူမိုက်တို့၏ အဘိဓာန်တွင်သာ ရှိသည်)"ဟု ဆိုခဲ့သည်။သင်လူမိုက်တစ်ဦး အဖြစ်မခံပါနှင့်။ လောကတွင် မဖြစ်နိုင်တာ ဘာမှမရှိ၊ မဖြစ်သေးတာပဲ ရှိသည်။ သင်ကသာ အလုပ်နှင့်တံခါး ခေါက်လိုက်ပါ။ သင့်ဘဝကမ်းခြေသို့ အောင်မြင်ဖြစ်မြောက်မှုများ ဆိုက်ရောက် လာပေလိမ့်မည်။

"ကိုယ့်ရဲ့ လယ်မြေမှာ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်နေကြ သူများသည် စားနပ်ရိက္ခာ ပေါများပြီး မထွန်ယက်၊ မစိုက်ပျိုးသူတွေကတော့ မိုးလေဝသ ခေါင်းပါး ပေလိမ့်မည်။" "အလုပ်လုပ်ခြင်းဖြင့် လူတွေဟာ ပြည့်ဝရင့်ကျက်လာစေပြီး အခက်အခဲများကို ကျော်ဖြတ်ကာ ဥာဏ်ရည်များဖွံ့ဖြိုးတိုးတက် လာစေပါသည်"ဟု ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က မိန့်ဆိုထားလေရာ တိုးတက်ရန်အတွက် နည်းလမ်းရှာရမည်။ ရှာမှသိမည်။ သိမှလုပ်မည်။ သိမှုနှင့် လုပ်ဆောင်မှုတို့ မည်သည် အတူတူတစ်မျိုး တစ်စားတည်း ဖြစ်သောကြောင့် ပေါ်ပေါက်လာသည့် စိတ်ကူးအတိုင်း လက်တွေ့သရုပ်ဖော်ရပေမည်။

"ကံကောင်းပါလျက်၊ အပျင်းဖက်၊ တစ်သက်မချမ်းသာ၊ ဥာဏ်ကောင်းပါလျက်၊ အပျင်းဖက်၊ တစ်သက်မချမ်းသာ" ဆိုသည့် ရွှေဥမင်ဆရာတော်ကြီး၏ ဆုံးမစကားသည် အလုပ်အတွက် အားဆေးတစ်ခွက်ပင် ဖြစ်သည်။

" အလသဿ၊ ကုတောသိပ္ပံ၊ အသိပ္ပဿ၊ကုတောဓနံ-ပျင်းရိသောသူ၌ အတတ်အဘယ်မှာ ရှိအံ့နည်း၊ အတတ်ပညာမရှိသူ၌ ဥစ္စာအဘယ်မှာ ရှိအံ့နည်း" ဟု လောကနီတိ အဆိုရှိသည်နှင့်အညီ ပျင်းရိခြင်းကို ဖယ်ခွာမောင်းထုတ် နိုင်မှသာလျှင် အလုပ်ကို စတင်လုပ်ဆောင်နိုင်ပြီး ဥစ္စာဝင်ငွေ ရရှိနိုင်မည် ဖြစ်ပေသည်။ လူ့ဘဝအတွက် ငွေသည်လည်း အထက်သို့ ပျံသန်းရန် အဓိကကျသော တောင်ပံတစ်ခု ဖြစ်သောကြောင့် လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များ လည်းတိုးတက်ရန် အရေးကြီးလှသည်။ လုပ်ငန်းရှင်များ မိတ်ဆုံပွဲတစ်ခု၌ စီးပွားရေး အောင်မြင်နေသူ တစ်ဦးကို ပရိသတ်တစ်ဦးက"ခင်ဗျား ဒီစီးပွားရေးလုပ်ငန်းကို အောင်မြင်မယ်လို့ ဘယ်အချိန်က စမြင်ပါသလဲ"ဟု မေးခွန်း ထုတ်ရာ၊ ဖြေဆိုသူက "ဒီအလုပ်ကို စတင်လုပ်ကတည်းက မြင်မိပါသည်" ဟုပြောဆိုသည်ကို ထောက်ရှုလျှင် သူသည်အလုပ်ကို ယုံကြည်မှုရှိ၍ အောင်မြင်ခဲ့ရကြောင်း ထင်ရှားသည်။ သို့သော် ဤကဲ့သို့အောင်မြင်မှုရရှိ ရန်အတွက် ဘဝနှင့်ရင်းပြီး ပေးဆပ်မှုများ ရှိခဲ့ပေလိမ့်မည်။ ရယူသူအားလုံးတို့သည် ပေးဆပ်ခဲ့ရသည့် အကြောင်းကို သာဓကတစ်ခုပြရလျှင် ပိုလန်စန္ဒရား ဆရာပက်ဒရူးစကီး၏ လက်စွမ်းပြ ဖျော်ဖြေပွဲတစ်ခုတွင် ပရိသတ်တစ်ဦးက "ကျွန်တော် ခင်ဗျားလိုသာ စန္ဒရားတီးတတ်မယ် ဆိုရင် ကျွန်တော့်ဘဝတစ်ခုလုံး ပုံပေးရဲပါတယ်" ဟု ပြောဆိုရာ စန္ဒရားဆရာ ပြန်ပြောလိုက်သည့် စကားက "ဟုတ်ကဲ့ ကျွန်တော်လဲ ပေးဆပ်ခဲ့ရတာပါပဲ"။ ဤကဲ့သို့ ပေးဆပ် ကြရသည်မှာ ဘဝတစ်ခုအတွက်၊ အလုပ်တစ်ခုအတွက် အရင်းအနှီး၊ အရင်းအမြစ်ပင် ဖြစ်သည်။

"Fail to plan is plan to fail. (စီမံကိန်းဆွဲရန် ပျက်ကွက်ခြင်းဟာ ကျဆုံးဖို့အတွက် စီမံကိန်းဆွဲခြင်းပဲ)။" ထို့ကြောင့် အလုပ်တစ်ခု အောင်မြင်မှု ရရှိစေရန် ကြိုတင်၍ စီမံကိန်း စနစ်တကျ ရေးဆွဲမှုကလည်း အရေးပါလှသည်။ "Just do it now! (အခုလုပ်ပါ)။" စနစ်တကျကြိုတင်စီမံကိန်း ချထားပြီးလျှင် ယခုပဲလုပ်လိုက်ပါ။ လူများကို အလုပ်ကောင်းကောင်း လုပ်စေချင်ရင် အလုပ်ကောင်းကောင်း ပေးထားပါ။ အခြားသူများကို အလုပ်ပေး၍ ကိုယ်ကိုယ် တိုင်လည်း အလုပ်လုပ်မှသာ အောင်မြင်မှုဟူသော အခွင့်အရေးက ရှေ့မှောက်ရောက် လာပေလိမ့်မည်။ သို့သော် ပထမဆုံး ရရှိမည့်အခွင့်အရေးကို ပြန်လည်ရယူရန် ဒုတိယအကြိမ်မရှိပါ။ သို့အတွက် ပေးလာသော ပထမအကြိမ်အခွင့်အရေးကို အရယူရန် အလုပ်လုပ် ကြရပေမည်။

"ဈေးဝယ်သွားလျှင် သင့်မျက်စိကို အသုံးပြုပါ၊ နားကိုမယုံနှင့်"ဆိုသည့် ချက်စကားပုံအရ မည်သည့် ကိစ္စမဆိုအကြားနှင့် မယုံဘဲ ကိုယ်တွေ့ လုပ်ရပေမည်။ အလုပ်လုပ်ရင်း ခုနစ်ကြိမ်လဲကျလျှင် ရှစ်ကြိမ် ပြန်ထမှ ဘဝသူရဲကောင်း ဘွဲ့တံဆိပ်ရရှိမည်။ "အလုပ်မလုပ်ဘဲ စိတ်ကူးယဉ်ခြင်းသည်။ နေ့ခင်းကြောင်တောင် အိပ်မက်မက် နေရတာဖြစ်ပြီး စိတ်ကူးစိတ်သန်း မပါဘဲ အလုပ်လုပ်နေတာ ကတော့ အိပ်မက်ဆိုးတွေ မက်နေတာ" ဟူသော ဂျပန်ဆိုရိုးစကားကို ထောက်ရှု၍ စိတ်ကူးနှင့် အလုပ်ယှဉ်တွဲပါမှ အလှနှင့် ချိတ်ဆက်ရမည့် ဘဝအိပ်မက်များ လှပပါလိမ့်မည်။

"လောက၌ ကြီးပွားသူ ဟူသမျှတို့သည် မိမိတို့ လုပ်ဆောင်ရမည့် ဝတ္တရားများကို ဘယ်တော့မှ နောက်မကျစေဘဲ သူများတွေထက် စောစီးကြိုတင်စွာ လုပ်ဆောင်ခဲ့သူများ ဖြစ်သည်" ဟု ဆရာကြီးဦးဗချိုင့်က မိန့်ဆိုခဲ့သည့် အတိုင်း ဘာပဲလုပ်လုပ် စောစောလုပ် ကြရန်လိုသည်။"အောင်မြင်ရေး၏ ဖခင်သည် အလုပ်ဖြစ်၏။ အောင်မြင်ရေး၏ မိခင်သည် တိုးတက်လိုစိတ်ဖြစ်၏။ အောင်မြင်ရေး၏ သားသည် အသိဥာဏ်ဖြစ်၏။အောင်မြင်ရေး၏ မြေးသည် အခွင့်အရေးတို့ဖြစ်၏။" မိုးရွာသည့်အခိုက် ရေခံယူလိုက်ကြမှပင် ဘဝအရှိနှင့် အလှအသိများ ရရှိကြပေလိမ့်မည်။ 

"Men at sometime are masters of their fates.(လူတွေဟာ တစ်ခါတစ်ခါတော့လဲ သူတို့ကံကြမ္မာရဲ့ အရှင်သခင်တွေ ဖြစ်ကြပါတယ်)။"ထိုကဲ့သို့ ကံကြမ္မာ၏ အရှင်သခင်ဖြစ်ရန် အတွက်လည်း အလုပ်တစ်ခုခုကိုတော့ ပြုလုပ် ကြရပေမည်။"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်း ကျော်လွှားနေရတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ဘယ်အထိ သယ်ဆောင်နိုင်မှာလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ" ဆိုသည့် ဆရာဗန်းမော်တင်အောင်၏ စကားအတိုင်း အလုပ်လုပ်ဆောင်သည့် နေရာတွင်"မပျင်းနဲ့၊ ပျင်းရင်ဖျင်းမည်" "မဖျင်းနဲ့ ဖျင်းရင်ပေါ့မည်"ဖြစ်၍မပျင်းဘဲ၊ မဖျင်းဘဲ လုပ်ဆောင်မှသာလျှင် အောင်မြင်ပါလိမ့်မည်။ ထို့ကြောင့် အချိန်ရှိခိုက် လုံ့လစိုက်ပြီး သင်လုပ်ရမည့် အလုပ်ကို ဒီနေ့ပဲ စလိုက်ပါ။

ဌေးကြည် (စလင်း)

မြ၀တီနေ့စဉ်သတင်းစာ စာ(၂၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...