Social Icons

Pages

Friday, April 6, 2018

ကုန်စည်ပို့ဆောင်မှု တွင်ကျယ်စေရေး ရန်ကုန်မြို့၌ ကုန်းတွင်းဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စီစဉ်



ရန်ကုန် ၆-၄-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြစ်ကြောင်းများ ကိုအသုံးပြု၍ ကုန်စည်ပို့ဆောင်မှု တွင်ကျယ်စေရန် ကုန်းတွင်းဆိပ်ကမ်း တစ်ခုတည်ဆောက်ရေး စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အဆိုပါ စီမံကိန်းကို Ngwe Pin Le Integrated Logistics Zone နှင့် IWT Jetty Link Dry Port ဟုခေါ်ဆိုပြီး လှိုင်သာယာ မြို့နယ်ရှိ ငွေပင်လယ်စက်မှု ဇုန်နှင့် အလယ်ရွာအနီး တည်ဆောက်မည်ဖြစ်ကာ ယင်းလုပ်ငန်းအတွက် ယမန်နေ့က တင်ဒါလုပ်ငန်းစဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်များထံ ရှင်းပြခဲ့ကြောင်း သိရသည်။

''ကုန်စည် ပို့ဆောင်ရေးမှာ တကယ်တမ်း ပြောရရင် ဈေးအသက်သာဆုံး ရေလမ်းခရီး ပို့ဆောင်ရေး ဖြစ်ပါတယ်။ အခုက ကားလမ်းကိုပဲ အဓိကထား သုံးနေရတော့ ကုန်ကျ စရိတ်များတာပေါ့။ ဒါကြောင့် ရေလမ်းနဲ့ကုန်စည် ပို့ဆောင်ရေးကို ကျွန်မတို့ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ Dry Port နဲ့ပတ်သက်ပြီး စတင်ဆောင်ရွက် ခဲ့တာပါ'' ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့သည် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းနှင့် ပဲခူးမြစ်တို့ ဝန်းရံဆက်နွှယ် လျက်ရှိကာ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးကြား၌ တိုးမြစ်ရှိပြီး အဆိုပါမြစ်၊ ချောင်းများမှာ ကုန်စည်သယ်ယူ ပို့ဆောင်ရေး အတွက် အဖိုးတန်သော ရေလမ်းခရီးများ ဖြစ်သည်။

လက်ရှိ ဆိပ်ကမ်းများသည် ရန်ကုန်မြို့၏ အရှေ့ဘက်၌ရှိပြီး အမှန်တကယ် ထွန်းကားနေသည့် စက်မှုဇုန်များနှင့် ကုန်စည်ဒိုင်များသည် ရန်ကုန်မြို့ အနောက်ဘက်၌ တည်ရှိနေ၍ ကုန်တင်ယာဉ်များ မြို့တွင်းကို ဖြတ်သန်းသွားရသောကြောင့် ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်ကာ ကုန်းတွင်း ဆိပ်ကမ်းများ တည်ဆောက်ပါက ယာဉ်ကြောကျပ်တည်းမှုများ လျော့နည်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...