Social Icons

Pages

Tuesday, March 20, 2018

ရွှေမိုးတောင်ရဟန္တာ တစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အသီးသီးပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြစဉ်။

ဓမ္မရက္ခိတဝန်း သိုကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တကေတုမာလထံမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် အခမ်း အနားတက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ကြစဉ်။

ရတနာစိန်ဖူး တော်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်စဉ်။

ရတနာစိန်ဖူးတော်အား ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တကေတုမာလထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဆက်ကပ်လှူဒါန်းစဉ်။

ဆပ်သွားဖူးအား ဆရာတော်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ဇနီးတို့က ဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၂ဝ-၃-၂ဝ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင် ပေါ်ရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် စည်ကားခမ်းနားစွာကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ၀န်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက၊ ကချင်ပြည်နယ် သာသနာ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတသာသနာ့ဓဇ ဓမ္မာစရိယဘဒ္ဒန္တ ကေတုမာလအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ၊ ပြည်နယ် အစိုးရအဖွဲ့မှဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများစည်ကား သိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက် ဦးစီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တကေတုမာလထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေက သာသနာရေး ဆိုင်ရာများအား လျှောက်ထားတင်ပြသည်။ ယင်းနောက်အခမ်းအနားတက်ရောက် လာကြသူများသည် ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြသည်။

၎င်းနောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံ နေရာတွင် ပက်ဖျန်းကြဲ ဖြန့်ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဓမ္မရက္ခိတ ၀န်းသိုကျောင်းတိုက်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စိန်ဖူးရတနာ ကြုတ်တော်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီးတို့က ရတနာငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီးတို့က ဆပ်သွားဖူးနှင့်လှူဖွယ် ပစ္စည်းများအား လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အခမ်းအနားတက်ရောက်လာကြသူများ နှင့်တိုင်းမှူးတို့က ညောင်ရွက်တော်၊ ခေါင်းလောင်းတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း သံဃာတော်အရှင်သူမြတ်များထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များကရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အသီးသီးပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။

ဆက်လက်ပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့်စေတီတော်အထွတ် သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော်တင်လှူ ပူဇော်မှုအောင်မြင်ခြင်းအထိမ်း အမှတ် ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။ ယင်းနောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းတော်မူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီး၏ ကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာ ရည်များပက်ဖျန်းကြပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေးခေါင်းလောင်းတော်ကြီးအား ၉ ချက်တီး၍ပူဇော်ကြသည်။ ယင်းနောက် ဗုဒ္ဓရုပ်ပွားတော်များအားဖူးမြော်ကြည်ညို၍ ဘုရားဖူးလာဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါရွှေမိုးတောင်စေတီတော်မြတ်ကြီးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတို့အား ဆက်သွယ်ထားသည့်ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား၏ မြောက်ဘက်တစ်မိုင်ခန့်အကွာတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး စေတီတော်ကြီးအား ဘ၀နတ်ထံပျံလွန်တော်မူသွားသည့် ဓမ္မရက္ခိတ၀န်းသို ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော် သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလ၀ံသ ကျေးဇူးတော်ရှင်ဆရာတော်ကြီးမှ စတင်တည်ထား ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ချိန်ကာလအတွင်း ဆရာတော်ကြီး၏ ကျန်းမာရေးယိုယွင်းလာခဲ့သဖြင့် ဆရာတော် ကြီးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စေတေီတော်ကြီး တည်ဆောက်ရန်အတွက် ငွေအားလူအားလိုအပ်ချက်ရှိသည့် အတွက်ပါဝင်ကုသိုလ်ယူဆောင်ရွက်ပေးစေလိုကြောင်းမိန့်ကြားခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဆက်လက်တာဝန်ယူ၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်အများပြည်သူအလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စေတီတော်ကြီးတွင် ဓာတ်ပေါင်းစုစေတီနှစ်ဆူအား မြေအောက်တွင်ဌာပနာ၍ လည်းကောင်း၊ ရဟန္တာရုပ်ပွားတော်တစ်ထောင်အား စေတီအောက်ဌာပနာသွင်း၍ လည်းကောင်းတည်ဆောက်ထားရှိပြီး စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ၇၇ ပေရှိသည်။ အဆိုပါစေတီတော်ကြီးတွင် ရွှေမိုးတောင်မှထွက်ရှိသည့် ဂရင်းနိုက် ကျောက်များဖြင့် ထုလုပ်ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်များကိုလည်း ပူဇော်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...