Social Icons

Pages

Friday, January 5, 2018

မင်းလှမြို့နယ် မုက္ခာရေတံခွန်နှင့် ဆင်စီးစခန်း ဖွင့်လှစ်



မင်းလှ ၅-၁-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ရွေးကုန်းအုပ်စု ဘန်ဘွေးကုန်းကျေးရွာအနီး မင်းလှ-စိန်ကန့်လန့်မြို့ ချောင်းသွား ကားလမ်း မိုင်တိုင်အမှတ်ရှစ်မိုင် ခြောက်ဖာလုံ၊ ရန်ကုန်မှ ၁ဝ၂ မိုင်ရှိ မုက္ခာကြိုးပြင် ကာကွယ်တောအတွင်း ဆင်စားကျက်ဧက ၁၄ဝ အတွင်းရှိ မုက္ခာရေတံခွန်နှင့် ဆင်စခန်းကို ယနေ့ နံနက် ၁ဝ နာရီက စည်းကားသိုက်မြိုက် စွာဖွင့်လှစ်ခဲ့ရာ ဒေသခံပြည်သူများ လာရောက်လေ့လာကြကြောင်း သိရသည်။

မုက္ခာရေတံခွန်နှင့် ဆင်စခန်းဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ မုက္ခာရေတံခွန်ဆင်စခန်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းတွင် ဆင် ၁၂ကောင်ရှိပြီး လာရောက်လေ့လာခြင်းဖြင့် သဘာဝလေကောင်း လေသန့်များ ရှူရှိုက်ရင်း ယဉ်ကျေးလိမ္မာ ဆင်တို့၏ သရုပ်ပြကွက်များ ကြည့်ရှုပြီး ဆင်များကို အစာကျွေးနိုင်ကြောင်း၊ ဆင်များနှင့်အတူ အမှတ်တရဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးနိုင်သကဲ့သို့ ဆင်များကို ကိုယ်တိုင်ရေချိုး ပေးနိုင်ကြောင်း၊ ထို့ပြင် ဆင်စီး၍ တောတောင်ရေမြေ သဘာဝ၊ဆင်စခန်း၏ ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ရေတံခွန်၏ အလှတရားများကို ကြည့်ရှုခံစားနိုင်ပြီး မုက္ခာရေတံခွန်တွင် ရေချိုးနိုင်ကြောင်း၊ ဆင်ဝန်ထမ်းများ၏ လူနေမှုဘဝကို လေ့လာကာ တောချက်ဟင်းလျာများ သုံးဆောင်နိုင်ကြောင်း သိရသည်။

အဆိုပါဆင်စခန်းကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ဇန်နဝါရီလတွင် ဝင်ကြေးအဖြစ် ငွေကျပ် ၅ဝဝ၊ဆင်စီးပါက ငွေကျပ်၂ဝဝဝ ကောက်ခံမည်ဖြစ်ပြီး ဖေဖော်ဝါရီလမှစ၍ ဝင်ကြေး ငွေကျပ်၁ဝဝဝ၊ ဆင်စီးပါကငွေကျပ် ၃ဝဝဝသို့ ပြောင်းလဲကောက်ခံ သွားမည်ဖြစ်ကြောင်း၊ အဆိုပါကောက်ခံရရှိသည့် ငွေများဖြင့် မုက္ခာရေတံခွန်နှင့် ဆင်စခန်းတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း ခရိုင်ဒေသ တာဝန်ခံ ဦးသန်းမင်းဆွေက ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...