Social Icons

Pages

Friday, January 5, 2018

နှစ် ၇ဝ ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်မှ အားကစား မောင်မယ်ဦးရေ ၂ဝဝကျော် ပါဝင်ဆင်နွှဲ


မန္တလေးမြို့တော်ဝန်မီနီမာရသွန် ပြိုင်ပွဲ (၂ဝ၁၈) ကျင်းပနေမှုကို တွေ့ရစဉ်။

မန္တလေး ၅-၁-၂ဝ၁၈

နှစ် ၇ဝပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂ဝ၁၈) ကို ယနေ့နံနက် ၆ နာရီခွဲက မန္တလေးကျုံး တောင်ဘက်ခြမ်း ၂၆ လမ်းပေါ်ရှိ မြို့တော်စည်ပင် သာယာရေးကော်မတီ ရုံးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအမျိုးသား ၇၇ဦး၊ အမျိုးသမီးဦးရေ ၄ဝ၊ လူသစ်တန်းအမျိုးသား ၁၆၄၈ဦး၊ အမျိုးသမီး ၁ဝဝ၄ဦး၊ သက်ကြီး အားကစားသမားများ၊ နိုင်ငံခြားသားများ၊ အခြေခံပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားများ စုစုပေါင်းပြိုင်ပွဲဝင် အားကစားမောင်မယ်ဦးရေ ၂၈ဝဝကျော်ခန့်သည် သတ်မှတ် စုရပ်နေရာတွင် ရောက်ရှိနေရာယူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က အချက်ပေး သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် စုရပ်မှ ၂၆ လမ်းအတိုင်း လမ်း၈ဝ၊ ၁၂လမ်း၊ ၇၃လမ်း၊ မန္တလေးတောင်ပတ်လမ်း၊ ၁ဝလမ်း၊ ၆၂လမ်း၊ ငုရွှေဝါလမ်းအထိ ထိုမှ ၆၈လမ်းအတိုင်း ၁၃ မိုင်ခန့်သတ်မှတ် ပြေးလမ်းထိ ယှဉ်ပြိုင်ခဲ့ကြကာ မန္တလာသီရိအားကစား ကွင်းတွင် ပန်းဝင်ခဲ့ကြသည်။

ယင်းနောက် နံနက် ၉ နာရီတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီး (လူသစ်တန်း)၊ အမျိုးသား (လူသစ်တန်း)၊ နှစ်သိမ့်ဆု ၂ဝမှ ၁ အထိ ဆုငွေများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် မြို့တော်ဝန်၏ ဇနီးတို့ကလည်းကောင်း၊ ပန်းဝင်သည့် နိုင်ငံခြားသားများ အတွက် အမှတ်တရဆုများ၊ သက်ကြီးအားကစားသမား ဂုဏ်ပြုဆုများ၊ အလယ်တန်းအဆင့် အားကစားသမားဂုဏ်ပြု ဆုများကို တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဒေါက်တာစိုးသန်း၊ ဦးမျိုးသစ်၊ ဦးမြတ်သူတို့က လည်းကာင်းဆုများ ချီးမြှင့်ကြသည်။

ဆက်လက်၍ အလွတ်တန်း (အမျိုးသား)၊ အလွတ်တန်း (အမျိုးသမီး)၊ လူသစ်တန်း (အမျိုးသား)၊ လူသစ်တန်း (အမျိုးသမီး)ပထမ၊ ဒုတိယ၊တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့က ဆုငွေနှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ မန္တလေးမြို့တော်ဝန် မီနီမာရသွန် ပြိုင်ပွဲတွင် လူသစ်တန်း (အမျိုးသား) ပထမဆုရ ကျော်သင်းစံ၊ ဒုတိယဆုရ ဇာနည်ထွန်း၊ တတိယဆုရ ကိုကိုနိုင်တို့ကလည်းကောင်း၊ လူသစ်တန်း (အမျိုးသမီး)ပထမဆုရ အိသက်မွန်၊ ဒုတိယဆုရ ချစ်သူဇာ၊ တတိယဆုရ ယွန်းခင်ခင်တို့ကလည်းကောင်း၊ အလွတ်တန်း (အမျိုးသား)ပထမဆုရ ဆန်းနိုင်၊ ဒုတိယဆုရဝင်းနိုင်ထွန်း၊ တတိယဆုရ သောင်းအေးတို့က လည်းကောင်း၊ အလွတ်တန်း(အမျိုးသမီး)ပထမဆုရ နီလာစန်း၊ ဒုတိယဆုရ နှင်းယုစိုး၊ တတိယဆုရ ဇင်မာချိုတို့ကလည်းကောင်း ရရှိခဲ့ကြပြီး ဆုငွေများအဖြစ် ပထမဆုငွေကျပ်သိန်း ၃ဝ၊ ဒုတိယဆုငွေကျပ် သိန်း ၂ဝနှင့် တတိယဆုငွေကျပ် ၁၅သိန်းတို့ကို ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...