Social Icons

Pages

Wednesday, January 10, 2018

စစ်ကိုင်းမြို့ရှိ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်ခွင့်လျှောက်လွှာများ ဇန်နဝါရီ ၁၂ ရက်တွင် လျှောက်လွှာပိတ်မည်



စစ်ကိုင်း ၁ဝ-၁-၂ဝ၁၈

စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီအနီး ဆွမ်းချက် ရပ်ကွက်အတွင်းရှိ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်လိုသူများကို လျှောက်လွှာများ ခေါ်ယူလျက်ရှိရာ ဇန်နဝါရီ ၁၂ ရက်တွင် လျှောက်လွှာပိတ်မည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ပြည်သူ့အငှား အိမ်ရာတွင် နေထိုင်လိုသူများကို ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ လျှောက်လွှာထုတ်ပေး ခေါ်ယူလျက်ရှိပြီး ခေါ်ယူရာတွင် ဝင်ငွေနည်းပြီး အိမ်ပိုင်မရှိသည့်သူများ၊ လုပ်သက် ၂၅ နှစ်ပြည့် အစိုးရဝန်ထမ်းများ၊ အစိုးရဝန်ထမ်း ပင်စင်စားများကို ခေါ်ယူလျက်ရှိပြီး လက်ရှိတွင် ပြည်သူ့အငှားအိမ်ရာ၌ နေထိုင်လိုကြောင်း လာရောက်လျှောက်ထားသည့် ဦးရေမှာဝင်ငွေနည်းပြီး အိမ်ပိုင်မရှိသည့် သူများထဲမှ ဦးရေ ၁၅ဝကျော်၊ လုပ်သက် ၂၅ နှစ်ပြည့် အစိုးရဝန်ထမ်းများ ထဲမှဦးရေ ၁၅ဝကျော်နှင့် ပင်စင်စားများထဲမှ ဦးရေ ၁ဝဝ ကျော်ရှိပြီး နေထိုင်လိုကြောင်း လျှောက်လွှာထုတ်ယူသူများ အနေဖြင့် အချက်အလက်စုံလင်စွာဖြည့်ပြီး ဇန်နဝါရီ ၁၂ရက် နောက်ဆုံးထား၍ လျှောက်လွှာများ လာရောက်အပ်နှံရမည် ဖြစ်ကြောင်းစစ်ကိုင်း မြို့နယ်မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ပြည်သူ့အငှား အိမ်ရာတွင် နေထိုင်လိုသူများ အနေဖြင့် လျှောက်လွှာများကို သတ်မှတ်ရက်အတွင်း လာရောက်အပ်နှံ ရမည်ဖြစ်ပြီး သက်မှတ်ရက် ကျော်လွန်ပါက လက်ခံသွားမည် မဟုတ်ကြောင်း၊ ထိုသို့ လာရောက် လျှောက်ထားသည့် လျှောက်လွှာများကို သက်ဆိုင်ရာတိုင်း ဒေသကြီးဌာနများသို့ ပြန်လည်တင်ပြ သွားမည်ဖြစ်ပြီး နေထိုင်ခွင့်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် လျှောက်ထားသူများရှေ့တွင် ပွင့်လင်းမြင်သာစွာ မဲဖောက်ချ ထားပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။

ပြည်သူ့အငှားအိမ်ရာကို စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်၊ နွားပွဲဈေးအနီးရှိ မြေဧက ၁ ဒသမ ၁ ဧကပေါ်တွင် ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က စတင်တည်ဆောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အဆောက်အအုံ တစ်လုံးလျှင် ငွေကျပ်သိန်း ၄၈၂ဝဖြင့် ၁၂ခန်းတွဲပါ လေးထပ် အဆောက်အအုံ နှစ်လုံးတည်ဆောက်လျက်ရှိရာ အဆောက်အအုံတစ်လုံးလျှင် အခန်းအရေအတွက် ၄၈ ခန်း ပါဝင်မည်ဖြစ်ကာ အခန်းတစ်ခန်းလျှင် ၄၄၁ စတုရန်းပေ အကျယ်အဝန်းရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...