Social Icons

Pages

Thursday, December 14, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါ-မြန်မာချစ်ကြည်ရေးအသင်း (Nepal-Myanmar Friendship Council) မှ တာဝန်ရှိသူများအား တွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါ-မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းပေးအပ်စဉ်။

နေပြည်တော် ၁၄-၁၂-၂၀၁၇

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်း (Nepal-Myanmar Friendship Council) မှတာဝန်ရှိသူများအား ဒီဇင်ဘာ ၁၂ ရက်ညပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ နီပေါနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံရုံး ဧည့်ခန်းမ တွင်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် တွေ့ဆုံရ သည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ လာရောက်သည့်ယခုချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် လာရောက်ခြင်းဖြစ် ကြောင်း၊ ၁၉၆၆ ခုနှစ်တွင်တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်း နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ပြီးချိန်နောက်ပိုင်း နှစ်ပေါင်း ၅၀ အတွင်းမြန်မာနိုင်ငံမှ တပ်မတော်အကြီးအကဲတစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်၍သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ တပ်မတော်ချင်းဆက်ဆံရေးချစ်ကြည်ရေး ခိုင်မာအား ကောင်းခြင်းသည် နိုင်ငံချင်းဆက်ဆံရေး၊ ချစ်ကြည်ရေးအတွက်များစွာအထောက်အကူပြုပါကြောင်း၊ ယခု ခရီးစဉ်တွင်နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏သမ္မတ၊ ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ကြည်းတပ် ဦးစီးချုပ်တို့နှင့်တွေ့ဆုံခဲ့ပါကြောင်း၊ အစိုးရအဖွဲ့နှင့် တပ်မတော်ခေါင်းဆောင်များက မိမိတို့ချစ်ကြည်ရေး အဖွဲ့ကိုဝမ်းသာအားရလှိုက်လှဲစွာ ကြိုဆိုကြ၍ နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက် နိုင်ရေးအပေါ် နှစ်နှစ်ကာကာ ထောက်ခံကြကြောင်း၊ ထို့ကြောင့်ယခုခရီးစဉ်သည် အောင်မြင်သောခရီးစဉ်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အောင်မြင်သောခရီးစဉ်၏ ရလဒ်များအပေါ်ဆက်လက်၍ အကောင် အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ရာ တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုများ တွင်ချစ်ကြည်ရေးခရီးစဉ်များ၊ သင်တန်းဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဆေးပညာရပ်ဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်များ ဆိုင်ရာဆိုင်ရာ အဖွဲ့များ အပြန်အလှန်စေလွှတ်၍ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်သူချင်းဆက်ဆံရေးတွင်အခြေခံကောင်းများရှိ ထားပြီးဖြစ်ကြောင်း၊ နီပေါနိုင်ငံတွင်နေထိုင် ကြသည့်မြန်မာပြည်ဖွားနီပေါနွယ်ဖွားများ၊ မြန်မာပြည်တွင်နေထိုင်ကြသော နီပေါနွယ်ဖွားများအရေအတွက် များစွာရှိကြသကဲ့သို့ ဆွေမျိုးများလည်းရှိကြကြောင်း၊ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းခဲ့ချိန်နှင့်လွတ်လပ်ရေး ရရှိပြီးချိန်တွင်နီပေါနွယ်ဖွားမြန်မာ့တပ်မတော်သားများ၏ စွမ်းဆောင်မှုများကို မေ့ထား၍မရကြောင်း၊ မြန်မာနိုင်ငံနှင့်တပ်မတော်အပေါ် သစ္စာရှိစွာသက်စွန့်ကြိုးပမ်း ခဲ့ကြပြီးအမြင့်ဆုံးစွမ်းရည်ဘွဲ့တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့တံဆိပ်အပါအ၀င် ရရှိခဲ့ကြသူများကိုသူရဲကောင်းစစ်သည် ဗိမာန်တွင်ကမ္ဗည်းရေးထိုး မှတ်တမ်းတင် ထားပါကြောင်း၊ လက်ရှိတပ်မတော်တွင်တာဝန်ထမ်းဆောင်နေသူ နီပေါနွယ်ဖွားအရာရှိ၊ စစ်သည်များစွာရှိနေပါကြောင်းပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ရှိပြီးသား ပြည်သူချင်း ဆွေမျိုးရင်းချာဆက်ဆံမှု အခြေခံကောင်းများ မှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပါအ၀င် စီးပွားရေး၊ ကုန်သွယ်ရေးများကိုတိုးမြှင့် ဆောင်ရွက်နိုင်သည့် အခွင့်လမ်းများ ရှိနေကြောင်း၊သို့ဖြစ်၍စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုကြိုးစားဆောင်ရွက်စေလိုကြောင်း၊ နီပေါနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေကောင်းများလုပ်ဆောင်နိုင်ရန်အတွက် တတ်နိုင်သမျှကူညီ ဆောင်ရွက် ပေးမည်ဖြစ်ပြီး အားလုံးက၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မြဲတိုးတက်စေရန်အတွက် အောင်မြင်သောသမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး အားကောင်းသောခြေလှမ်း တစ်ရပ် ဖြစ်သည်ကိုသတင်းစကားလက်ဆောင် ပါးလိုပါကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နီပေါ-မြန်မာ ချစ်ကြည်ရေး အသင်းမှတာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီးအမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...