Social Icons

Pages

Monday, December 11, 2017

ယခုနှစ် ခရီးသွားရာသီအစတွင် ဘုရားဖူးခရီးစဉ် သွားရောက်လည်ပတ်မှုများပြား



ရန်ကုန် ၁၁-၁၂-၂၀၁၇

ယခုနှစ် ခရီးသွားရာသီအစတွင် ပြည်တွင်းမှ ခရီးသွားလာသူများမှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၊ ပုဂံ-ညောင်ဦး-ပုပ္ပား စသည့်ဘုရားဖူးခရီးစဉ်များ သွားရောက်လည်ပတ်မှု များပြားကြောင်း ရန်ကုန်မြို့ရှိ ပြည်တွင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။

ခရီးသွား လာသူများသည် ပုဂံ-ညောင်ဦး-ပုပ္ပား နှစ်ညအိပ် သုံးရက်ခရီးစဉ်ကို သွားရောက်ကြသကဲ့သို့ ယခုရက်ပိုင်းတွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူးသွားသူများလည်း ပိုမိုများပြားလာကြောင်း၊ ထို့ပြင် တောင်ကြီး-အင်းလေး-ပင်းတယ စသည့် ရှမ်းပြည်နယ်ဘုရားဖူး ခရီးစဉ်သွားလာ ကြသူများလည်း အများအပြားရှိကြောင်း သိရသည်။

ဘုရားဖူး ခရီးစဉ်များအပြင် ချောင်းသာ၊ ငွေဆောင်၊ ငပလီ စသည့်ကမ်းခြေများသို့ အပန်းဖြေသွားရောက် လည်ပတ်သူများနှင့် ဘားအံ-မြဝတီ-မဲဆောက်သို့ သွားရောက် လည်ပတ်ကြသူများလည်း ယခင်နှစ်ကထက်
ပိုများလာကြောင်း၊ ထို့ပြင် ဒီဇင်ဘာလလယ်ပိုင်းမှ လကုန်ပိုင်းအထိ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်ရှိ ပန်းပွဲတော်သို့သွားရောက်ရန် မန္တလေး-ပြင်ဦးလွင် ခရီးစဉ်များအတွက် လာရောက်စုံစမ်းသူ များနှင့် ကားလက်မှတ် ကြိုတင်ဝယ်ယူသူ များလည်း များပြားလာကြောင်း သိရသည်။

ဒီဇင်ဘာလသည် ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက်များသောကြောင့် မိသားစုလိုက် ဘုရားဖူးသွားသူများနှင့် အပန်းဖြေခရီး ထွက်သူများ များပြားလာနိုင်ကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...