Social Icons

Pages

Wednesday, December 20, 2017

လားရှိုးမြို့ သဘာဝရေပူစမ်း ပြုပြင်ထားခြင်းကြောင့် ယခင်နှစ်များထက် လာရောက်သူများပြား



လားရှိုး ၂၀-၁၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သဘာဝရေပူစမ်း၌ ယခုနှစ်တွင် ပြုပြင်ထားခြင်းများကြောင့် ယခင်နှစ်များထက် လာရောက်လည်ပတ် သူများပြားလာကြောင်း သဘာဝရေပူစမ်း တာဝန်ခံ ဦးအောင်ကျော်ဌေးထံမှ သိရသည်။

ယခုနှစ်မှစတင်ကာ သဘာဝရေပူစမ်းတွင် ရေကန်များတိုးချဲ့ တည်ဆောက်ခြင်း၊ ကလေးကစားကွင်းများ တည်ဆောက်ပေးခြင်းများကြောင့် လာရောက်လည်ပတ်သူ ပိုမိုများပြားလာရခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မှာက အမျိုးသမီးရေကူးကန်ကို သီးခြားတည်ဆောက် ပေးခဲ့တယ်။ ကလေးတွေ ကစားဖို့အတွက်လဲ လုပ်ပေးထားတယ်။ အပျော်စီးလှေတွေလဲ ထားပေးထားတယ်။ ကလေး၊ လူကြီး၊ အမျိုးသမီးအားလုံး အတွက် အဆင်ပြေလို့ ဒီနှစ်မှာ လူပိုစည်ကားတာပါ။ နောက်ထပ်လဲ တိုးချဲ့ဖို့ရှိပါသေးတယ်"ဟု ၎င်းက ပြောပြသည်။

"အရင်တုန်းကကန်က တစ်ခုပဲရှိတော့ အားလုံးဒီကန်ကြီးမှာ ချိုးကြတယ်။ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ သံဃာတော်တွေနဲ့ ဆိုတော့ မသင့်တော်လို့ မချိုးဖြစ်ဘူး။ သိပ်ပြီးမလာဖြစ်တော့ဘူး။ အခုတော့ဒီလိုမျိုး အမျိုးသမီး ကန်ကလဲ သီးသန့်ထားပေးတယ်။ ပြီးတော့ ကလေးတွေ ကစားဖို့ကလဲရှိနေတော့ တော်တော်အဆင်ပြေလို့ တစ်ပတ်တစ်ခေါက် မိသားစုနဲ့လာ ဖြစ်ပါတယ်။ အဝတ်လျှော်ရင်လဲ ကလေးတွေအတွက် စိတ်မပူရတော့ဘူး။ အမျိုးသမီးကန်မှာ ချိုးလိုက်တော့ အဆင်ပြေနေတာပါ" ဟု ရေပူစမ်းသို့ လာရောက်လည်ပတ်သူ ဒေါ်အေးရင်းက ပြောပြသည်။

အဆိုပါ သဘာဝရေပူစမ်းကို ယခုနှစ် နိုဝင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်နိုင်ရန် ရေအေးကန်ကိုလည်း တည်ဆောက်ပေး ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...