Social Icons

Pages

Wednesday, December 20, 2017

သံခွံရေယာဉ်ကြီးများ ချင်းတွင်းရေကြောင်း၌ ယခင်နှစ်ထက်ပို၍ ဂရုတစိုက် ခုတ်မောင်းရန်လို



မုံရွာ ၂၀-၁၂-၂၀၁၇

နှစ်စဉ်ရေကြောင်း ပြောင်းလဲမှု မြန်ဆန်သည့် ချင်းတွင်းမြစ်ကြောင်း၌ ခုတ်မောင်းသွားလာနေသော သံခွံရေယာဉ်ကြီးများအနေဖြင့် ချင်းတွင်းမြစ်ကြောင်းလမ်းသို့ မဖြစ်မနေခုတ်မောင်းလိုပါက ယခင်နှစ်များထက်ပို၍ ဂရုတစိုက်ခုတ်မောင်းရန် လိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေလမ်းညွှန်ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းက ပြောပြ၍ သိရသည်။

ရေလမ်းကြောင်းမှ ရေယာဉ် ကြီးငယ်များ လုံခြုံစွာ၊ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန် နှစ်စဉ် နိုဝင်ဘာလမှစ၍ မေလထိ ရေနည်းကာလအဖြစ် သတ်မှတ်၍ ရေယာဉ်များ၏ ဝန်တင်ရေစူးကို သက်ဆိုင်ရာက ရေကြောင်း နယ်မြေများအလိုက် ကန့်သတ်ပေးလျက်ရှိသည်။ ယခုနှစ်တွင်လည်း ချင်းတွင်း မြစ်ကြောင်းသည် ရေကျစောခြင်း၊ သောင်ဆွယ်၊ ကျွန်းဆွယ်များခြင်း၊ ရေတိုက်စားမှုများကြောင့် ရေကြောင်းပြောင်းလဲမှု မြန်ဆန်ခြင်း စသော အကြောင်းများကြောင့် ချင်းတွင်းရေကြောင်းသို့ မဖြစ်မနေ ခုတ်မောင်းရသော သံခွံရေယာဉ်ကြီးများအနေဖြင့် ယခင်နှစ်ထက် သတိထားခုတ်မောင်းရန်လိုကြောင်း သိရသည်။

"အရင်နှစ်က ရေကျနောက်ကျ တဲ့အတွက် ဖေဖော်ဝါရီလကုန်ပိုင်းထိ ရေယာဉ်ကြီး ငယ်တွေလွတ်လွတ်လပ်လပ် ခုတ်မောင်းနိုင်ပါတယ်။ ဒီနှစ်မှာတော့ နိုဝင်ဘာလဆန်းပိုင်း လောက်ကစပြီး ချင်းတွင်းမြစ်ရေကျဆင်းခဲ့တဲ့အတွက် ရေနည်းကာလ စောရောက်ပါတယ်။ ဒါကြောင့် CB,OB သံတွဲရေယာဉ် ကြီးတွေအနေနဲ့ မဖြစ်မနေကိစ္စကြောင့် ချင်းတွင်းရေကြောင်းထဲ ဝင်ရောက်ခုတ်မောင်း မယ်ဆိုရင် သေချာဂရုစိုက်ပြီး မောင်းဖို့လိုပါတယ်" ဟု၎င်းက ပြောပြသည်။

ရေနည်းကာလတွင် ချင်းတွင်း မြစ်ကြောင်းသို့ ဝင်ရောက်ခုတ် မောင်းမည့် သံတွဲရေယာဉ်ကြီးများ အနေဖြင့် ယခုနှစ်တွင် သတိထား ခုတ်မောင်းရမည့် နေရာများမှာ ချင်းတွင်းဝအောက်ဘက် လက်ထုက်၊မာလာ၊ ရွှေတန့်တစ်၊ ကွမ်းရွာအနီး ရေကြောင်းများ၊ ရေစကြိုမြို့နယ် ကြော်မကြားရေကြောင်း၊ ချောင်းဦးမြို့နယ် အမြင့်ရေကြောင်း၊ ဆားလင်းကြီးမြို့နယ် ပေါင်းဝရေကြောင်း တို့ဖြစ်သည်။ ၎င်းနေရာများတွင် သတိထားမောင်းနှင်ရန်လိုကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...