Social Icons

Pages

Friday, December 8, 2017

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အများသူငါပိုင်ဆိုင်သော နေရာများတွင် ၀င်ရောက်ကျူးကျော်မှုများကို စီမံချက်စနစ်တကျရေးဆွဲ ဖယ်ရှားရှင်းလင်းရန် လွှတ်တော်တွင်အတည်ပြု


မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကျူးကျော်နေအိမ်များကို တွေ့ရစဉ်။

မန္တလေး ၈-၁၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အများသူငါ ပိုင်ဆိုင်သော မြေကွက်များ၊ လမ်းမြေ၊ တာဝါတိုင်အောက် ရေဆိုးပစ်ချောင်းဘေးနှင့် မီးရထားသံလမ်း ဘေးနေရာများတွင် ဝင်ရောက်ကျူးကျော်မှုများကို စီမံချက်စနစ်တကျရေးဆွဲ၍ မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ဖယ်ရှားရှင်းလင်းရန် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ဆွေးနွေးအတည်ပြု ခဲ့ကြောင်း သိရသည်။

အဆိုပါကျူးများ စီမံချက်စနစ် တကျရေးဆွဲ၍ ဖယ်ရှားရှင်းလင်းရေး အဆိုကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စား လှယ်ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။

"ဒီအကြောင်းအရာကို ဘယ်လောက်ထိ ဖြစ်လာမယ်ဆိုတာ စဉ်းစားပြီးမှ မေးတာပါ။ အစိုးရအနေနဲ့ အခက်အခဲ အကျပ်အတည်း ဖြစ်မယ်ဆိုတာ သိပါတယ်။ ဒီအချိန်မှ မဆောင်ရွက်ဘူးဆိုရင် ဒီထက်ပိုများလာရင် အုပ်ချုပ်မှု ပိုင်းတွေမှာ ပိုပြီးထိခိုက် လာနိုင်ပါတယ်" ဟု အဆိုတင်သွင်းသူ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့က ချထားပေးသော မြေကွက်များကို ၂ဝ၁၈ ခုနှစ် မေ ၁၅ ရက် နောက်ဆုံးထား၍ ခြံစည်းရိုးခတ်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများ ပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိသည့် မြေကွက်များကို ပြန်လည်စိစစ်၍ မြေချထားမိန့်၊ မြေစလစ်နှင့် မြေငှားဂရန်များပယ်ဖျက်ပြီး အစိုးရမြေအဖြစ် သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားကြောင်း သိရသည်။

"လွှတ်တော်က ဒါကိုအတည်ပြုပြီး ဖြစ်ပါတယ်။ ဘယ်တော့ အကောင်အထည် ဖော်ဆောင်ရွက်မယ် ဆိုတာကတော့ အစိုးရရဲ့အပိုင်းပါ။ အမှန်တကယ်ဆင်းရဲတဲ့ ကျူးတွေကို ဘယ်လိုလုပ်ပေးမှာလဲ။ စီးပွားဖြစ်ကျူး တွေကိုလဲ ဘယ်လိုအရေးယူ ဆောင်ရွက်မယ် ဆိုတာထိထိရောက်ရောက် ဖြစ်ဖို့လိုပါတယ်" ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...