ဖားကန့် ၁၄-၁၂-၂၀၁၇
ဧရာဦးစစ်ဆင်ရေး စီမံချက်အရ ဖားကန့်မြို့ လုံးတုံနယ်မြေ ရဲစခန်းအပိုင်နယ်မြေတွင် အမှတ် (၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ဒီဇင်ဘာ ၁၂ရက်က ကာလတန်ဖိုးငွေကျပ် ၁၂၅၄ သန်းတန်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသူ လေးဦးကို မော်တော်ယာဉ် နှစ်စီးနှင့်အတူ ဖမ်းဆီးမိခဲ့သည်။
မိုးညှင်းမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သောင်းလင်း ကြီးကြပ်၍ မိုးညှင်းမြို့ အမှတ် (၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ သတင်းရယူမှုဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင် ဖြတ်သန်းမည့် ကြိုတင်သတင်း အရ အမှတ် (၃) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်နေလင်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ရက် မွန်းလွဲ ၁၂နာရီမိနစ်၃ဝက နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံအသိ သက်သေများနှင့် ပူးပေါင်း၍ မိုးညှင်း-ဝှေခါးသွား ကားလမ်းနမ့်မွန်းကျေးရွာ အေးရိပ်မွန် လက်ဖက်ရည်ဆိုင်အနီး ကြိုတင်စောင့်ဆိုင်းနေစဉ် လှိုင်မြင့် မောင်းနှင်ပြီး ကိုကိုလင်းမောင် လိုက်ပါလာသည့် MDY-5D/----- အစိမ်းရောင်မော်တော်ယာဉ် နှင့် ဇင်မင်းဦးမောင်းနှင်ပြီး လှိုင်ဟန်ထွန်း လိုက်ပါလာသည YGN-9H/------အဖြူရောင် မော်တော်ယာဉ်တို့ ရောက်ရှိလာစဉ် ဆက်လက်ဆောင်ရွက်ရာ MDY-5D/----- အစိမ်းရောင် မော်တော်ယာဉ် နောက်ခန်းအတွင်းပီနံအိတ် ငါးအိတ်တွင် ထည့်လျက် ရောင်စုံဆပ်ပြာခွက် ၁၁ဝဝ၊ ကာလတန်ဖိုးငွေကျပ် ၁၂၅၄ သန်းတန်ဖိုးရှိ ဘိန်းဖြူအမှုန့် ၁၃ ဒသမ ၂ ကီလိုဂရမ်ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်မြင့် ပဲခူးမြို့နေသူ၊ ကိုကိုလင်းမောင် ပြည်မြို့နေသူ၊ ဇင်မင်းဦးနှင့် လှိုင်ဟန်ထွန်း ဟိုပင်မြို့နေသူတို့ လေးဦးကို လုံးတုံနယ်မြေရဲတပ်ဖွဲ့စခန်းက မယ (ပ) ၅၃/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ-၁၅/ ၁၉(က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသတင်း ရရှိသည်။
#Yadanarpondaily


No comments:
Post a Comment