Social Icons

Pages

Thursday, December 14, 2017

တရုတ်နိုင်ငံမှ အရည်အသွေးမီကြက်သွန်များ တင်သွင်းလာပါက ကြက်သွန်စိုက်တောင်သူများ အခက်ကြုံနိုင်



မန္တလေး ၁၄-၁၂-၂၀၁၇

မြန်မာ့ကြက်သွန်နီ ဈေးမြင့်နေချိန်တွင် တရုတ်ကြက်သွန်များ ပြည်တွင်းသို့ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ဈေးကွက်အတွင်းသို့ ပြည်တွင်း ကြက်သွန်နီဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချနေသော်လည်း ပြည်တွင်း ကြက်သွန်နီထက် အရည်အသွေး မမီသည့်အတွက် လက်ရှိတွင်ဈေးကွက်တွင် နေရာမရရှိကြောင်း၊ နောက်ပိုင်းတွင်း ပြည်တွင်းစားသုံးသူအကြိုက် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် တင်သွင်းလာပါက မြန်မာ့
ကြက်သွန်နီဈေးကွက် ပျောက်ကွယ်လာနိုင်ပြီး ကြက်သွန်နီကုန်သည်များ၊ တောင်သူများ အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပြသည်။

"စားသုံးသူကတော့ ဈေးချိုတာ ဝယ်စားမှာဘေးထွက် ဆိုးကျိုးရှိတာတွေ နားမလည်ဘူးစားမှာပဲ။ တစ်ချိန်ချိန်မှာ တရုတ်ကြက်သွန်နီလဲ အခုအားလူးတို့ တရုတ်ကြက်သွန်ဖြူတို့ ကြီးစိုးသွားသလို မြန်မာ့ ကြက်သွန်နီကိုလဲ တရုတ်ကလေ တစ်ချိန်ချိန်တော့ ကြီးစိုးသွားလိမ့်မယ် လို့ထင်ပါတယ်"ဟု ၎င်းက ပြောပြသည်။

ပြည်တွင်းကြက်သွန် စိုက်တောင်သူများ အနေဖြင့် ထုတ်လုပ်စရိတ်အရမ်း မြင့်မားနေသည့်အတွက် တရုတ်ကြက်သွန်နီနှင့် ဈေးနှုန်းယှဉ်၍ မရောင်းချနိုင်သည့် အတွက် နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ အရည်အသွေးမီ ကြက်သွန်များ တင်သွင်းလာပါက မြန်မာ့ကြက်သွန်နီ ဈေးကွက်မှာလည်း မြန်မာ့ကြက်သွန်ဖြူ ဈေးကွက်ကဲ့သို့ ပျောက်ကွယ်သွားနိုင်ပြီး တရုတ်ကြက်သွန်နီ ဈေးကွက် ကြီးစိုးလာနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ကုန်သည်များက ပြောပြသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းကြက်သွန်စိုက် တောင်သူများကို ငွေကြေးအားဖြင့် ကူညီဆောင်ရွက် မပေးနိုင်တောင်မှ နည်းပညာများ၊ အကြံဥာဏ်များဖြင့် ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ တာဝန်ရှိသည့်ဌာနများ အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိပါက ရေရှည်တွင် မြန်မာ့ကြက်သွန်နီဈေးကွက် ပျောက်ကွယ်ပြီး တရုတ်ကြက်သွန်နီ ဈေးကွက်အောက် ရောက်ရှိသွားမည်ဆိုပါက ပြည်တွင်းကြက်သွန် စိုက်တောင်သူများ အလုပ်လက်မဲ့ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဆက်စပ်သည့် ကုန်သည်ပွဲစားများပါ အခက်အခဲများစွာ တွေ့ကြုံလာနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ကုန်သည်များက ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...