Social Icons

Pages

Friday, December 22, 2017

ရမည်းသင်းမြို့နယ်တွင် ဆောင်းမြေပဲအထွက်နှုန်း ကောင်းမွန်သောကြောင့် ပဲနုတ်၊ ပဲဆွတ်လုပ်ကိုင်ကြသည့် နေ့စားလုပ်သားများ ဝင်ငွေကောင်းလျက်ရှိ



ရမည်းသင်း ၂၂-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်း၌ ဆောင်းမြေပဲ အထွက်နှုန်းကောင်းမွန်ပြီး ဆောင်းမြေပဲနုတ်ချိန် ပဲနုတ်၊ ပဲဆွတ်လုပ်ကိုင်ကြသည့် နေ့စားလုပ်သားများ ဝင်ငွေကောင်းလျက်ရှိကြောင်း မြေပဲစိုက်
တောင်သူများထံမှ သိရသည်။

ရမည်းသင်းမြို့နယ်တွင် ဆောင်းမြေပဲကို တော်သလင်းလအတွင်း၌ စိုက်ပျိုးကြပြီး နတ်တော်လအတွင်း နုတ်သိမ်းကြရာ ပဲနုတ်လိုက်သူ နေ့စားတစ်ဦးလျှင် တစ်နေကုန်အတွက် ငွေကျပ် ၅ဝဝဝ ပေးငှားရပြီး ထမင်း
နှစ်နပ် (နံနက်စာ၊နေ့လည်စာ) ကျွေးရကြောင်း၊ လယ်ယာလုပ်သား ရှားပါးမှုကြောင့် ယခင်နှစ်ထက် ဈေးပိုပေးရကြောင်း၊ နုတ်ယူရရှိသော မြေပဲပင်များကို အပင်နှင့်အတောင့်သီးခြားဖြစ်အောင် ပဲဆွတ်သူများကိုလည်း ထပ်မံငှားရကြောင်း သိရသည်။

"အခုလမှာ ဆောင်းမြေပဲ လှိုင်လှိုင်ထွက်ပြီဆိုတော့ နေ့စားလုပ်သားတွေ ဝင်ငွေရကြပါတယ်။ လူငှားခကတော့ တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ လုပ်သားကလဲရှားတယ်။ လူငှားရတဲ့ အချိန်ရသလို အလုပ်လုပ်ကြရတယ်" ဟု ဝါးရုံတောကျေးရွာမှ ဆောင်းမြေပဲစိုက် တောင်သူတစ်ဦးက ပြောပြသည်။

ရမည်းသင်းမြို့နယ်အတွင်း၌ ဆောင်းမြေပဲကို မိသားစုစားသုံးရန် အတွက်သာ အဓိကစိုက်ပျိုးကြပြီး ပိုလျှံမှသာ ရောင်းချကြကြောင်း၊ နေ့စားအလုပ်သမားများမှာ ယခုလရာသီတွင် ဆောင်းမြေပဲနုတ်ချိန်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်း ရရှိကာဝင်ငွေ ကောင်းလျှက်ရှိကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။

ပဲဆွတ်ခမှာ (အမွေးပြောင်အဆင့်) တစ်တင်းလျှင် ငွေကျပ် ၁၅ဝဝပေးရပြီး ထမင်းကျွေးရန် မလိုကြောင်း၊ ပဲဆွတ်သူတစ်ဦးလျှင် တစ်နေကုန်သုံးတင်း၊ လေးတင်းပြီးအောင် ဆွတ်နိုင်သောကြောင့် ပဲနုတ်သူများကဲ့သို့ ဝင်ငွေရရှိ ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...