မန္တလေး ၁၅-၁၂-၂၀၁၇
မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (9 Power အမည်ရှိ အခမဲ့) မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်ကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ စိန်ပန်းယဉ်ပုံရပ်ကွက် မဟာစည်လမ်းတွင် ဖွင့်လှစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ လက်ဝှေ့ဆပ်ကော်မတီက သိရသည်။
မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်လာပြီး နိုင်ငံကိုယ်စားပြု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု လက်ဝှေ့သမားကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး အဆိုပါမြန်မာ့ ရိုးရာလက်ဝှေ့ ကလပ်ကို ဖွင့်လှစ် ရခြင်းဖြစ်ပြီး ယင်းလက်ဝှေ့ကလပ်တွင် နေ့စဉ်ညနေ ၄ နာရီခွဲမှ ည ၆ နာရီခွဲထိ မည်သူမဆိုအခမဲ့ လာရောက် သင်ကြားနိုင်ကြောင်း 9 Power မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်မှ နည်းပြဆရာ ဦးမိုးကြိုးစိန်က ပြောပြသည်။
မြန်မာ့ရိုးရာ လက်ဝှေ့ အားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်လက်ဝှေ့သမားများ ပေါ်ထွက်လာစေရန်အတွက် အားကစားရုံ၊ လေ့ကျင့်ရေးပစ္စည်း ကိရိယာများ၊ နည်းပြဆရာများစွာ လိုအပ်နေသေးကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာက လက်ခံသည့် စည်းကမ်း ၊ နည်းလမ်းများနှင့် ပေါင်းစပ်ပြီး လက်ဝှေ့ ပွဲများစီစဉ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီနာယက ဦးလှဝင်းက ပြောပြသည်။
ယခင်က မန္တလေးမြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ကလပ် ၂၆ခု ခန့်ရှိခဲ့ရာ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပံပိုးကူညီမှု အားနည်းလာသည့်အတွက် လက်ရှိအချိန်တွင် မြန်မာ့ရိုးရာလက်ဝှေ့ကလပ် ၁ဝခု ကျော်သာရှိတော့ကြောင်း သိရသည်။
#Yadanarpondaily


No comments:
Post a Comment