Social Icons

Pages

Thursday, December 7, 2017

ဘိန်းစိုက်ပျိုးဒေသများတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်ရမည်




ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၂ဝ၁၇ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားတွင် အမှာစကားပြောကြားစဉ်။

နေပြည်တော် ၇-၁၂-၂၀၁၇

၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မူးယစ်ဗဟိုနှင့် UNODC တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ၂ဝဝ၁ ခုနှစ်ကတည်းက တရားမဝင် မူးယစ် ဆေးဝါးသီးနှံများ စစ်တမ်းကောက်ယူခြင်း အစီအစဉ် (ICMP) အရ ဆောင်ရွက်ခဲ့ပါကြောင်း၊ ICMP သည် ၂ဝဝ၉ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂမူးယစ်ဆေးဝါး ကော်မရှင်၏ (၅၃)ကြိမ်မြောက် အထူးအစည်းအဝေးက ချမှတ်ခဲ့သော လုပ်ငန်းစီမံချက်များပါအတိုင်း တရားမဝင်မူးယစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်းကို သက်ဆိုင်ရာအစိုးရများနှင့် ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြန်လည်ကျဆင်းလာခဲ့ရာ ၂ဝဝ၆ခုနှစ်တွင် ဟက်တာ ၂၁၅ဝဝအထိ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်ထိ ပြန်လည်မြင့်တက်ခဲ့ပါကြောင်း၊ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှုသည် အထိုက်အလျောက် ကျဆင်းခဲ့ရာမှ ၂ဝ၁၇ခုနှစ်တွင် သိသိသာသာ ကျဆင်းလာတာကိုတွေ့ရပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ကချင်၊ ချင်းနှင့်ကယားပြည်နယ်တို့တွင် စိုက်ပျိုးနေသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၉၉ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅နှစ်စီမံကိန်းနှင့် နောက်တိုး ငါးနှစ်စီမံကိန်းများကို ၂ဝ၁၉ ခုနှစ်ထိရေးဆွဲကာ ဘိန်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုအခါ UNODC စီမံကိန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးနှင့် လွိုင်လင်ဒေသများတွင် ဘိန်းအစားထိုး သီးနှံဖြစ်သည့် ကော်ဖီစိုက်ပျိုးခြင်းနှင့် စီးပွားဖြစ်သစ်တော စိုက်ပျိုးထိန်းသိမ်းမှုတို့ကို ဥရောပသမဂ္ဂနှင့်ဂျာမနီနိုင်ငံတို့၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဗဟိုသည် UNODC အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ကာကွယ်တားဆီးရေး၊ ကုသရေးနှင့်ပြန်လည်ထူထောင်ရေး၊ ထုတ်လုပ်မှု လျှော့ချနိုင်ရေး၊ အစားထိုးဖွံ့ဖြိုးရေးစသည့် ကဏ္ဍအသီးသီးအပေါ်အခြေခံ၍ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတွင် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒသစ်အတည်ပြုခဲ့ပြီး ဖြစ်သည့်အတွက် ၎င်းမူဝါဒအပေါ်အခြေခံသည့် ဘိန်းစိုက်ပျိုးမှု လျော့ကျစေရေးသည်လည်း အဓိကအခန်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲကြရမှာဖြစ်ပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုလျော့ကျစေရန် ဘိန်းစိုက်ပျိုးဒေသများတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှုပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး အစားထိုး ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် တောင်သူများကိုအမှန်တကယ်အကျိုးရှိမည့် အစားထိုးသီးနှံ၊ မွေးမြူရေး၊ ဈေးကွက်ရရှိရေး၊ အခြားဝင်ငွေရရှိရေး လုပ်ငန်းများကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးဆိုင်ရာမူဝါဒ မဟာဗျူဟာချမှတ်သူများအတွက် ယခုအစီရင်ခံစာတွင် ပါရှိသည့် ဘိန်းစိုက်ဧရိယာ အကျယ်အဝန်း၊ ဘိန်းထုတ်လုပ်မှု၊ ပြောင်းလဲလာသည့် စိုက်ပျိုးမှုပုံစံများသည် မရှိမဖြစ်လိုအပ်သည့် ကိန်းဂဏန်းအချက်အလက်များ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas က အစီရင်ခံစာပါ အချက်အလက်များကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများ၊ သတင်းနှင့်စာနယ်ဇင်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများနှင့် UNODC ကိုယ်စားလှယ်များက ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ UNODC ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ သတင်းမီဒီယာများနှင့် သတင်းနှင့်စာနယ်ဇင်း ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...