Social Icons

Pages

Monday, October 16, 2017

ဆည်တော်ကြီး ရေလှောင်တမံက ပိုလျှံရေများ လွှတ်မှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ ရေလွှမ်းမိုးခံရသဖြင့် အရေးပေါ်ရွှေ့ပြောင်း ပေးထားရ


မတ္တရာ-မိုးကုတ်ကားလမ်းပေါ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တွေ့ရစဉ်။

မတ္တရာ ၁၆-၁၀-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်း ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေများသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ ရေလွှဲပေါက်မှ ရေများလွှတ်လိုက်သည့်အတွက် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရေးပေါ်ရွှေ့ပြောင်း ပေးထားခဲ့ရကြောင်း မတ္တရာမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးထွန်းနေနွယ်က ပြောပြ၍ သိရသည်။

အဆိုပါ ဆည်တော်ကြီး ရေလှောင်တမံ၏ ရေမှတ်မှာ RL-420.4 ပေထိ ရောက်ရှိနေသဖြင့် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသည့်အတွက် အောက်တိုဘာ ၁၄ ရက်မှစတင်၍ ရေများကို ချိန်ညှိလွှတ်ခဲ့ပြီး၊ ယနေ့လက်ရှိ
အခြေအနေတွင် မတ္တရာမြို့နယ် တံငါရွာအနီးရှိ မန္တလေး- မိုးကုတ် လမ်းအရှည်ပေ ၂၅ဝဝ ၌ အနက်သုံးပေခန့် ရေကျော်နေပြီး ရေရှိန်များသည့် အတွက်ကြောင့် သွားလာနေသည့် ကားများနှင့် ပြည်သူများ ဖြတ်သန်းသွားပါက အန္တရာယ်များ ခြင်းတို့ကြောင့် ပိတ်ထားရကြောင်း၊ အဆိုပါ ခရီးသည်များနှင့် အနီးအနားရှိကျေးရွာများမှ လူများကို ကယ်ဆယ်ရေးအဖွဲ့များဖြင့် ကူညီဆောင်ရွက်ခဲ့ပြီး ၎င်းလမ်းပိုင်းကို နံနက် ၆ နာရီအချိန်မှစ၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားရကြောင်း သိရသည်။

ဆည်တော်ကြီး ရေလှောင်တမံမှ အောက်တိုဘာ ၁၄ ရက်ကဆည်ရေပြည့်အမှတ် RL ပေ ၄၂ဝ အထက် ပိုလျှံရေများကို ရေတံခါး ၃၊ ၄၊ ၅မှ ငါးပေနှုန်း ကျန်ရေတံခါး ၁၊ ၂၊ ၆၊ ၇မှ လေးပေနှုန်းစီဖြင့် ဖွင့်ချခဲ့ရာ ယနေ့နံနက် ၇ နာရီဝန်းကျင် အချိန်ထိ အိမ်ထောင်စု ၁၉၄စု၊ လူဦးရေ ၆၂၆ဦး ရေဘေးသင့်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ယနေ့နံနက် ၁၁ နာရီအချိန် သတင်းထုတ်ပြန် ချက်များအရ သိရသည်။

"လူတွေကို အရင်ကယ်နေပါတယ်။ ပြီးမှပစ္စည်းတွေသယ်ပေးမယ်။ တိရစ္ဆာန်တွေကယ်မယ်။ မန္တလေး-မတ္တရာလမ်းပေါ် ရေလွတ်ရာကို ပို့ပေးနေတယ်။ တံငါတောင်နဲ့ မြောက်ရွာမှာ စက်လှေလေးစီးနဲ့ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၅ဝ ကျော်နဲ့ အခြားအဖွဲ့ဝင်တွေကယ်ဆယ်ရေး လုပ်နေကြပါတယ်။ စာရင်းကတော့ ကောက်တုန်းပါ" ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပြသည်။

"မတ္တရာလမ်းပေါ်မှာ ပေါင်လောက်ထိ ရေမြုပ်နေပါတယ်။ ကားလေးတွေသွားလို့မရဘူး။ ၁၄ ရက်မနက်လောက်ကစပြီး တရိပ်ရိပ်ရေတက်လာတယ်။ ညဥ့်သန်းခေါင်လောက်မှာ ကားတွေသွားမရတော့ဘူး။ ကျွန်တော်တို့အဖွဲ့ အဲဒီညကရောက်လာပြီး နိုင်သလောက် ကူညီနေပါတယ်" ဟုလူမှုကယ်ဆယ်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဥက္ကဋ္ဌကိုလှိုင်မင်းဦးက ပြောပြသည်။

" လက်ရှိအရေးပေါ် ရွှေ့ပြောင်းပေးနေရသည့် ကျေးရွာငါးရွာမှာ သပြေချောင်ကျေးရွာ၊ ဆိပ်သာအုပ်စု၊ ရှားဆေးချက်ကျေးရွာ၊ ကျွဲကျကျေးရွာ၊ အုတ်တိုက်ကျေးရွာ တို့ဖြစ်ပါတယ်၊ အဲဒီကျေးရွာတွေကို ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေက အားချင်းရွှေ့ပေးနေပါတယ်။ ရွှေ့ပြောင်းရတဲ့အတွက် အစားအသောက်တော့ နည်းနည်းခက်ခဲမှု ရှိပါတယ်။ လယ်မြေသီးနှံတွေလဲ ရေမြုပ်တဲ့အတွက်ကြောင့် ပျက်စီးမှုတွေလဲရှိပါတယ်" ဟုမတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထွန်းနေနွယ်က ပြောပြ၍ သိရသည်။

အဆိုပါ ကျေးရွာများကို ရေလွှမ်းမိုးခံရခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များနှင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်ဦးရေ ၆ဝ၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဥ့်ကူးမီးသတ်ဦးစီးဌာနတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ဦးနှင့် အရန်ဦးရေ၁ဝဝတို့မှ ကျန်ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ စက်လှေခုနစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ခဲ့ကြသည်။

ညနေ ၆နာရီအချိန်တွင် ရေများလျော့သွား၍ ပုံမှန်သွားလာနေကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...