Social Icons

Pages

Monday, October 16, 2017

တရုတ်ကုန်သည်များ စပါးဝယ်ယူမှုကြောင့် မန္တလေးဆန်ဈေးကွက် သိသာစွာထိခိုက်မှုမရှိ



မန္တလေး ၁၆-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စပါးများကို တရုတ်ကုန်သည်များ ဝယ်ယူခဲ့မှုကြောင့် မန္တလေးဆန်ဈေးကွက်အတွင်း သိသာစွာထိခိုက်မှု မရှိကြောင်း မန္တလေးဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်စပါးထွက် ရာသီတွင် မန္တလေးတိုင်းဒေသကြီးရှိ မတ္တရာ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ ဝမ်းတွင်းဒေသတို့မှ စပါးများကို တရုတ်ကုန်သည်များက ဈေးပိုပေး၍ ဝယ်ယူခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆန်စက်များမှာ ဈေးပြိုင်မဝယ်ယူနိုင်၍ ဆန်စက်အားလုံးနီးပါး ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်ကလည်း မတ္တရာမြို့နယ် အတွင်းရှိ စပါးများကို တရုတ်ကုန်သည်များက တန်ချိန်သောင်းနှင့်ချီ၍ လိုက်လံဝယ်ယူမှုများ ရှိခဲ့ပြီး အများစုမှာ ပြည်တွင်းစားသုံးသည့် ဆန်ထွက်စပါးများ မဟုတ်ဘဲ တရုတ်နိုင်ငံသို့တင်ပို့သည့် စပါးများဖြစ်သည့် အတွက်မန္တလေး ဆန်ဈေးကွက်တွင် သိသိသာသာ ပြောင်းလဲခြင်း မရှိခဲ့ကြောင်း သိရသည်။

"တရုတ်ကုန်သည် တွေဝယ်လို့ ဆန်စက်တွေ မလည်နိုင်တာ၊ စပါးခွံ၊ ဖွဲတွေနဲ့အလုပ်ကိုင်ရှားပါး တာတွေအခက်အခဲ ဖြစ်ကုန်တယ်။ ဝယ်တဲ့စပါးတွေက ပြည်တွင်းဝယ်လက်တွေ စားသုံးတဲ့ ဆန်မဟုတ်တဲ့အတွက် မန္တလေး ဆန်ဈေးကွက် အနေနဲ့တော့ သိပ်သက်ရောက်မှု မရှိပါဘူး" ဟု မန္တလေးမြို့ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောပြသည်။

လက်ရှိတွင် တရုတ်ဝယ်လက်များ ဝယ်ယူခဲ့သည့် မတ္တရာနယ် ထွက်ဆန်မှာ တရုတ်ပို့ဆန်ထွက် စပါးမျိုးကိုသာ ပြောင်းလဲစိုက်လာ ကြသည့်အတွက် မတ္တရာဒေသထွက်ဆန် မရှိသလောက်ဖြစ်ကာ ဆန်ဈေးကွက် ပျောက်လျက်ရှိကြောင်း မတ္တရာမြို့ ဆန်ကုန်သည် တစ်ဦးက ပြောပြသည်။

လက်ရှိမန္တလေး ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများမှာ အတက်ဈေးများဖြင့် ဈေးငြိမ်လျက်ရှိပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...