Social Icons

Pages

Thursday, September 21, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၀) ကြိမ်မြောက် အာရှပစိဖိတ်ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်စဉ် ရခိုင်ပြည်နယ်၏ ဖြစ်စဉ် ဖြစ်ရပ်မှန်များ ရှင်းလင်းဆွေးနွေး


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် (၁ဝ) ကြိမ်မြောက်အာရှပစိဖိတ် ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်သူများ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၁-၉-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် (၁၀) ကြိမ်မြောက် အာရှပစိဖိတ်ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး တက်ရောက်စဉ် အမေရိကန်ကြည်းတပ် ပစိဖိတ်တပ်မှူး Gen. Robert B. Brown ၊ သြစတြေးလျ ကြည်းတပ်ဦးစီးချုပ် Lt. Gen. Angus Campbell ၊ ကိုရီးယားကြည်းတပ်ဦးစီးချုပ် Gen. Kim Yong-woo ၊ ဂျပန်ကြည်းတပ်ဦးစီးချုပ် Gen. Koji Yamazaki တို့နှင့် သီးခြားတွေ့ဆုံ၍ လည်းကောင်း၊ ဟန်မြစ်တွင်းသွား သင်္ဘောပေါ်တွင် ကျင်းပပြုလုပ်သည့် ညစာစားပွဲအတွင်း အမေရိကန်ကြည်းတပ်ဦးစီးချုပ် Gen. Mark A. Milley ၊ ကနေဒါ ကြည်းတပ်ဦးစီးချုပ် Lt. Gen. Paul Wynnyk ၊ မွန်ဂိုလီးယားကြည်းတပ် ဦးစီးချုပ် Maj. Gen. Amglanbaatar Bujinov အပါအ၀င် ဘင်္ဂလားဒေ့ရှ်ကြည်းတပ် အမှတ်(၉)တပ်မမှူးဖြစ်သူ Maj. Gen. Sajjadul Haque တို့ကိုလည်း သီးသန့်တွေ့ဆုံ၍လည်းကောင်း ရခိုင်ပြည်နယ် သမိုင်းကြောင်း၊ ၁၈၂၄ ခုနှစ်၊ ပထမမြန်မာ -အင်္ဂလိပ်စစ်ပွဲနောက်ပိုင်းနှင့် ၁၈၆၉ ခုနှစ် စူးအက်တူးမြောင်းဖွင့်လှစ်ပြီးနောက်ပိုင်း ဆန်စပါး ပိုမိုထုတ်လုပ်ရန်နှင့် မီးရထားလမ်း၊ ကားလမ်းဖောက်လုပ်ရန် ဘင်္ဂလားနယ်(ယခုဘင်္ဂလား ဒေ့ရှ်နိုင်ငံ) မှ လုပ်သားများ အဖြစ်ခေါ်ယူရမှုအခြေအနေ၊ ဒုတိယကမ္ဘာစစ်အတွင်း ရခိုင်ပြည်နယ်အတွင်း အင်္ဂလိပ် နှင့် ဂျပန်တပ်များ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဘင်္ဂါလီများကရရှိခဲ့သည့် လက်နက်၊ ခဲယမ်း များကို အသုံးချ၍ မူဂျာဟစ်သူပုန်ပေါ်ပေါက်ပြီး ရခိုင်တိုင်းရင်းသားများ ၁၉၄၂ ခုနှစ်၊ အလယ်သံကျော်အရေးအခင်းတွင် ၃၀,၀၀၀ ခန့် ရက်ရက်စက်စက် အသတ်ခံရကာ နေအိမ်အမြောက်အများ မီးရှို့ဖျက်ဆီးခံရပြီး ဘင်္ဂါလီများ နေရာလု ၀င်ရောက်လာမှု၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့မတိုင်မီ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများ အခြေအနေနှင့် ၎င်းရက်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှု အရေ အတွက်၊ မီးရှို့ဖျက်ဆီးကျေးရွာ အရေအတွက်အပါအ၀င် အေးချမ်းစွာနေလိုပြီး အကြမ်းဖက်မှုကိုဆန့်ကျင်သည့် တစ်ဖက်နိုင်ငံသို့ ထွက်မပြေးဘဲ ဆက်လက်နေထိုင်နေသည့် ဘင်္ဂါလီကျေးရွာ အခြေအနေများကို စာရင်းဇယား၊ မြေပုံများနှင့်ပြသပြီး နိုင်ငံတော် အစိုးရနှင့် တပ်မတော်အပေါ် Genocide နှင့် Ethnics Cleansing အဖြစ် စွပ်စွဲနေမှုများမှာ ဟုတ်မှန်မှုမရှိကြောင်း ပဏာမရှင်းပြခဲ့သည်။

၎င်းနောက် ဓာတ်ပုံအထောက်အထားများဖြင့် ၂၀၁၂ ခုနှစ်၊ သံတွဲဒေသတွင် ရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘာသာခြား ၃ ဦးမှ အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုအပေါ် စစ်တွေ၊ မောင်တောဒေသ ဒေသခံရခိုင်တိုင်းရင်းသား များ အုပ်စုနှင့် ဘင်္ဂါလီအုပ်စုအချင်းချင်း အဓိကရုဏ်းဖြစ်ပွားမှု၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ကျီးကန်းပြင်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲစခန်း ၃ ခုအား တစ်ချိန်တည်း တစ်ပြိုင်နက် ၀င်ရောက်စီးနင်း၍ လက်နက်အမြောက်အများ လုယူမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသတ်ဖြတ်မှုအခြေအနေနှင့် ရဲတပ်ဖွဲ့ဝင် အင်အားမလုံလောက်၍ တပ်မတော်မှ ဥပဒေနှင့်အညီ နယ်မြေရှင်းလင်းခြင်း၊ နိုင်ငံတော်အစိုးရ ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလုပ်ငန်းများအား ကူညီဆောင်ရွက်လာခြင်းနှင့် နယ်မြေအေးချမ်းတည်ငြိမ်လာသည် နှင့်အမျှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ဆင်ရေး ရပ်တန့်မှုအခြေအနေများ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်အတွင်း နိုင်ငံတော် အစိုးရမှ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ ဦးစီး ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်(ဟောင်း) မစ္စတာ ကိုဖီအာနန်ခေါင်းဆောင် သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်များကို ဖွဲ့စည်း၍လည်းကောင်း၊ ပြည်တွင်း/ပြည်ပမီဒီယာများကိုလည်းကောင်း၊ မောင်တော၊ ဘူးသီးတောင် ဒေသသို့ လွတ်လပ်စွာသွားလာ၍ မေးမြန်းစုံစမ်းစေရန် တာဝန်ပေးဆောင်ရွက်ထားခဲ့မှုအခြေအနေ၊ အဆိုပါအဖွဲ့များကို ကူညီသည့် ဘင်္ဂါလီကျေးရွာအတွင်း အုပ်ချုပ်ရေးမှူးများအပါအ၀င် ကူညီ သတင်းပေးသူမှန်သမျှ လည်လှီး အသတ်ခံရမှု၊ ပြန်ပေးဆွဲအသတ်ခံရမှု အခြေအနေများ၊ ဘင်္ဂါလီကျေးရွာအလိုက် ရွာလုံးကျွတ်နီးပါး အကြမ်းဖက် သင်တန်းလေ့ကျင့်မှု၊ ၎င်းတရားခံ နှင့် လေ့ကျင့်ရေးလက်နက်များ ဖော်ထုတ်ဖမ်းဆီးရမိမှု အခြေအနေများ၊ ဒေသခံ တိုင်းရင်းသားများ တောင်ယာ၊ ပုဇွန်ကန်၊ လယ်ယာနှင့် တစ်ဝမ်းတစ်ခါး ၀မ်းစာရှာဖွေမှုများ၌ လစ်လျှင်လစ်သလို ရက်ရက်စက်စက် သွေးဆာစွာဖြင့် လည်ပင်း/ဦးခေါင်း တို့အား ဓါး၊လှံ၊ လက်နက်များအသုံးပြု၍ သတ်ဖြတ်မှု အခြေအနေများ၊ ထိုသို့အကြမ်းဖက်ပြီး ရခိုင်တိုင်းရင်းသားကျေးရွာများ ထွက်ပြေးအောင် ခြိမ်းခြောက်မှု၊ အဆိုပါကာလအတွင်း တိုင်းရင်းသားကျေးရွာအချို့ ထွက်ပြေးရမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပြန်လည်နေရာချထားပေး ရမှု၊ စောင့်ရှောက်ကာကွယ်ပေးရမှုအခြေအနေတို့အား ဓာတ်ပုံ အထောက်အထားဖြင့် ရှင်းလင်းပါသည်။

၎င်းနောက် သြဂုတ်လ၂၄ ရက်နေ့တွင် ကိုဖီအာနန်မှ ရခိုင်ပြည်နယ် အကြံပြုချက်တင်ပြခြင်း၊ သတင်းစာရှင်းလင်းခြင်းပြုလုပ်မှုတွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများက တိုက်ရိုက်နိုင်ငံသားအခွင့်အရေး ရလိုမှုအတွက်တောင်းဆိုနေသည့် ၁၃၅ မျိုးသော တိုင်းရင်းသားမျိုးနွယ်စု၌ မပါသည့်"ရိုဟင်ဂျာ"အသုံးအနှုန်းများ ပါဝင်လာမှုမရှိခြင်း အပါအ၀င်ဘင်္ဂါလီများ မျှော်လင့်သည့်အချက်မပါလာခြင်း၊ ၎င်းအပေါ် စက်တင်ဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ကမ္ဘာမှ အထူးအာရုံစိုက်စေရန် ရည်ရွယ်ခြင်းတို့ဖြင့် ရဲစခန်း ၃၀ အပါအ၀င် တပ်ရင်းဌာနချုပ်တို့အား နေရာ ၁ ခုလျှင် ဘင်္ဂါလီ အမျိုးသား/အမျိုးသမီး ၃၀၀ ဦးနှင့်အထက် လူအုပ်စုကြီးများက လက်နက်ကြီး /ငယ်အပါ အ၀င် တုတ်/ဓား/လှံ/ဂျင်ကလိ စသည့် လူကိုသေစေနိုင်သည့် လက်နက်များကို အသုံးပြု၍ အကြမ်းဖက်မှုအခြေအနေ၊ ဘင်္ဂါလီနှင့်အတူ နေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များကို အကြမ်းဖက်ကာလအတွင်း အစ္စလာမ်ဘာသာသို့ အတင်းကူးပြောင်းခိုင်းရာမှ လက်မခံနိုင်သူများကို သတ်ဖြတ်မှုအခြေအနေ၊ နိုင်ငံတော်အစိုးရမှ အုပ်ချုပ်မှုအာဏာစက်နှင့် နိုင်ငံတော်လုံခြုံရေး ထိပါးလာမှု အပေါ် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာမှုအခြေအနေ၊ တပ်မတော်မှ နိုင်ငံတော်အစိုးရ၏ စစ်ဆင်ရေးနယ်မြေ သတ်မှတ်တာဝန်ပေးမှုအရ နိုင်ငံတကာစစ်ပွဲဥပဒေနှင့် ပြည်တွင်း ရာဇသတ်ကြီး ဥပဒေများနှင့်အညီ ပြဋ္ဌာန်းထားသည့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အနည်းဆုံး အင်အားသုံး၍ အသုံးပြုခဲ့မှုအခြေအနေ၊ ထုတ်ပြန်ထားသည့် Rule of Engagement (ROE) ကို စစ်သည်တိုင်း လိုက်နာဆောင်ရွက်နေမှု အခြေအနေများ၊ အေးချမ်းစွာနေထိုင်လိုပြီး အကြမ်းဖက်မှုကို မလိုလားသည့် ဘင်္ဂါလီရွာ များမှ အကြမ်းဖက်သမားများကို ဖမ်းဆီး၍ ရဲစခန်းသို့အပ်နှံ ပေးမှုအခြေအနေ၊ နိုင်ငံတော်အစိုးရအပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မောင်တော- ဘူးသီးတောင်ဒေသ ရွှေ့ပြောင်းဒုက္ခသည် တိုင်းရင်းသားအများစုအား လူသား ချင်းထောက်ထားမှု အကူအညီများ၊ ဆေးဝါးကုသပေးသကဲ့သို့ အေးချမ်းစွာနေလိုပြီး အကြမ်းဖက်မှုကို ဆန့်ကျင်၍ အကြမ်းဖက်ကာလ အတွင်း ကျေးရွာအတွင်းသို့ ၀င်ရောက်စည်းရုံး၊ ခြိမ်းခြောက်လာသည့် အကြမ်းဖက်သမား များကို ဖမ်းဆီးလာသော ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများကိုလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခြင်း၊ ဆေးကုသမှုပြုလုပ်ပေးနေမှု အခြေအနေများ၊ မိမိတိုင်းရင်းသားများ ရွာလုံးကျွတ်ထွက်ပြေးရမှု၊ ထွက်ပြေးစဉ်မလိုက်နိုင်၍ အကြမ်းဖက်သမားများ ဖမ်းမိမှုကြောင့် ရက်ရက်စက်စက် လူမဆန်စွာ လည်လှီးအသတ်ခံရသည့် တိုင်းရင်းသူ မိခင်နှင့် ၂ နှစ်အရွယ်ကလေး ၂ ဦး အခြေအနေ၊ ဘာသာပြောင်းရွှေ့မှုအား လက်မခံသည့် ဟိန္ဒူအမျိုးသမီးနှင့် ၅ နှစ် အရွယ်ကလေးအား အနီးကပ် မျက်နှာများ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်၍ သတ်ဖြတ်မှုအခြေအနေများကို ဓာတ်ပုံအထောက်အထားများဖြင့် ဆက်လက်ရှင်းပြသည်။

၎င်းအပြင် ဘင်္ဂါလီအချင်းချင်းဖမ်းဆီးမှုကြောင့် ရဲစခန်းသို့ ရောက်ရှိလာသည့် ARSA အကြမ်းဖက်သမားများအား စစ်ကြောချက်အရ ဘင်္ဂါလီကျေးရွာအလိုက် ရွာလုံးကျွတ် အကြမ်းဖက်စစ်ပညာသင်ကြားရမှု၊ တပ်ဖွဲ့ဝင်အဖြစ် ကိုရ်ရမ်ကျမ်းကိုင်၍ သစ္စာဆိုရမှုအပါအ၀င် အကြမ်းဖက်သမားအမည်နှင့် ဓာတ်ပုံများကိုလည်း ဖော်ထုတ်ရရှိမှုနှင့် ဖော်ထုတ်ဆဲအခြေအနေများ၊ လက်ရှိထွက်မပြေးဘဲ အေးဆေးစွာနေထိုင်နေသည့် ဘင်္ဂါလီကျေးရွာများတွင်မူ အကြမ်းဖက် သမားများ အနည်းစုပါရှိသော်လည်း အများစုမှာ အကြမ်းဖက်အုပ်စုကို ဆန့်ကျင်သဖြင့် အနည်းစုသာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမှု အခြေအနေများအား ဓာတ်ပုံနှင့် စာရင်းဇယား အထောက်အထားများဖြင့် ရှင်းလင်းပါသည်။

တွေ့ဆုံဆွေးနွေးခဲ့သည့် ကြည်းတပ်ဦးစီးချုပ်များက ပြန်လည်ပြောကြား ရာတွင် ယခုသိရှိရသည့် သတင်းအချက်အလက်များသည် မိမိတို့ ယခင်သိရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ ရှုပ်ထွေးပြီး ဖြေရှင်းရခက်ခဲသည့် ပြဿနာနှင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည်ကို ယခုမှ သိမြင်ရပါကြောင်း၊ အကြံပြုလိုသည်မှာ ကမ္ဘာ့မီဒီယာများတွင် တစ်ဖက်သတ် ထုတ်လွှင့်နေသော သတင်းအချက်အလက်များအား တန်ပြန်ချေဖျက် နိုင်ရန် လွတ်လပ်သော လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာမီဒီယာများ၊ ယုံကြည်စိတ်ချရသည့် ထင်ရှားကျော်ကြားသူများကို ရခိုင်ပြည်နယ်သို့ ခေါ်ဆောင်ပြီး အခြေအနေမှန်များကို လက်တွေ့ပြသ သင့်ပါကြောင်း ပြောကြားခဲ့ကြပါသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြန်လည်ပြောကြားရာတွင် နိုင်ငံတကာမီဒီယာများသည် တစ်ဖက်သတ်သတင်းများကိုသာ ထုတ်လွှင့် သည်ကို တွေ့ရှိရပါကြောင်း၊ အကြမ်းဖက်သမားများ၏ ခြေကုတ်စခန်းများတွင် INGO ၊ NGO များက ထောက်ပံ့သော လူသားချင်း စာနာမှုပစ္စည်းအချို့ကို ဖော်ထုတ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ချင့်ချိန်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကြည်းတပ်ဦးစီးချုပ်များက ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဆွေးနွေးပြောကြားချက်များကို မိမိတို့ သက်ဆိုင်ရာအကြီးအကဲများထံ နှုတ်ဖြင့် တင်ပြပေးသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် ယခုစိန်ခေါ်မှုပြဿနာအား အကောင်းဆုံးဖြေရှင်းဆောင်ရွက် ကျော်လွှားသွား နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပြီး ဖြစ်ရပ်မှန် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် Memory Stick အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...