Social Icons

Pages

Monday, September 18, 2017

သခွားစိုက်တောင်သူများ အနေဖြင့် ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများကို သတ်မှတ်နှုန်းထားအတိုင်း သုံးစွဲရန်လို



ချောင်းဦး ၁၈-၉-၂၀၁၇

ယခုနှစ်သခွားမွှေး စိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သခွားစိုက် တောင်သူများအနေဖြင့် ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများကို သတ်မှတ်နှုန်းထားအတိုင်း သုံးစွဲရန်လိုကြောင်း မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (စစ်ကိုင်းတိုင်း ဒေသကြီး) ဥက္ကဋ္ဌ ဦးစောမြင့်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သခွားမွှေးသီးနှံများကို မိုးရာသီ (ခြားစိုက်) ကာလအဖြစ် အောက်တိုဘာလ ပထမပတ်တွင် စတင်စိုက်ပျိုးကြ၍ ဇန်နဝါရီလ အတွင်းပေါ်ပြီး ဆောင်းစိုက်ကာလအဖြစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင်စတင်စိုက်ပျိုးကြ၍ မေလအထိ ထွက်ရှိသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် သခွားမွှေးစိုက်ပျိုးမှုကို ၂ဝ၁၆-၂ဝ၁၇ ခုနှစ် သခွားမွှေး စိုက်ရာသီတွင် ဧက ၁၅ဝဝဝ စိုက်ပျိုးထုတ်လုပ်ခဲ့ရာ ဈေးနှုန်းကောင်းမွန်ခဲ့သဖြင့် ယခုနှစ်စိုက်ပျိုး ထုတ်လုပ်မှု ယခင်နှစ်ထက် ပိုများနိုင်ကြောင်းနှင့် သခွားမွှေးစိုက်ပျိုး ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ထက်ဝက်ကျော်ကို ချောင်းဦးမြို့နယ်မှ အများဆုံးစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

''သခွားမွှေးစိုက်ပျိုး ထုတ်လုပ်မှုမှာ တစ်ဧကကုန်ကျစရိတ်က စတင်စိုက်ပျိုးချိန်ကနေ ထုပ်ပိုးတင်ပို့ပြီးချိန်အထိ ငွေကျပ်သိန်း ၇ဝ ကျော်ကုန်ကျတယ်။ ကုန်ကျစရိတ်မြင့်မားပြီး တင်ပို့ရတာကလည်း နိုင်ငံခြားပို့ကုန်ဖြစ်တဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာ သတိထားဖို့လိုတယ်။ GAP သင်တန်းတွေလည်း ပေးတဲ့အတွက် သင်တန်းတွေက သင်ကြားပေးတဲ့အတိုင်း တန်ဖိုးမြင့် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်သွားမှာပါ'' ဟု ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာမှ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်သူ ဦးအုန်းဘိုကပြောသည်။

သခွားမွှေးသီးနှံသည် ပူနွေးသောရာသီ ဥတုကိုကြိုက်နှစ်သက်ပြီး မိုးရာသီကာလ (ခြားစိုက်) စိုက်ပျိုးချိန်သည် ၇၅ ရက်အတွင်း သီးနှံပေါ်ပြီး ဆောင်းရာသီစိုက်ချိန်တွင် ရက်ပေါင်း ၉ဝ အတွင်းထွက်ရှိကာ မူဆယ်ဈေး ကွက်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သော သီးနှံဖြစ်သည်။

သခွားမွှေးသီးနှံကို ပြီးခဲ့သည့်နှစ် စိုက်ပျိုးရာသီတွင် ဈေးနှုန်းကောင်းမွန်စွာ ရရှိခဲ့သဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် စိုက်ဧကတိုးတက် လာမည်ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်ချိန်တွင် GAP စနစ်ပါအတိုင်းစိုက်ပျိုးပါက တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်တင်ပို့နိုင်ရေး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများသို့ သတိပေးပြောကြား ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...