Social Icons

Pages

Tuesday, July 11, 2017

မြန်မာနိုင်ငံတွင် ငလျင်လှိုင်းတိုင်းစက်များ တပ်ဆင်ရန် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံမှ အဖွဲ့နှစ်ဖွဲ့လာရောက်တိုင်းတာမည်



မန္တလေး ၁၁-၇-၂၀၁၇

မြန်မာနိုင်ငံတွင် ငလျင်လှိုင်း တိုင်းစက်နှင့် GPS စက်များ တပ်ဆင်ရန် လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံမှ အဖွဲ့ နှစ်ဖွဲ့လာရောက်၍ တိုင်းတာရေးလုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံအနှံ့ ငလျင်လှုပ်ခတ်မှု များသည့်နေရာများ၌ ငလျင်လှိုင်း တိုင်းစက်အလုံး ၃ဝနှင့် စစ်ကိုင်းပြတ်ရွေ့၏ ရွေ့လျားနှုန်းကို စောင့်ကြည့် တိုင်းတာမည့် GPS စက် ရှစ်လုံးတို့ကို စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်တပ်ဆင်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံ မြေကမ္ဘာ လေ့လာရေးအဖွဲ့နှင့် တရုတ်နိုင်ငံ China Earth-quake Administration အဖွဲ့တို့က တပ်ဆင်ရေး လုပ်ငန်းများအတွက် လာရောက် တိုင်းတာမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

''စင်ကာပူက အဖွဲ့ကတော့ နေရာတွေ ရွေးပြီးသွားပြီ။ နိုဝင်ဘာလထဲမှာ မိတ္ထီလာနဲ့ စစ်တွေဘက်တွေကို တိုင်းတာဖို့ရှိတယ်။ အခုဇူလိုင်လထဲ မြေငလျင်ကော်မတီက ဝန်ထမ်းတစ်ယောက်ကို စင်ကာပူခေါ်ပြီး Training ပေးဖို့ရှိတယ်'' ဟု အဆိုပါကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောပြသည်။

တရုတ်နိုင်ငံ China Earth-quake Administration အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် ၁ဝ နေရာ မြေနေရာရွေးချယ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်ပြီးဖြစ်ကာ ယခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလခန့်တွင် တပ်ဆင်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။

''အမြဲတမ်း စက်တွေ တပ်ဆင်သွားမယ့် ရွှေဘိုကိုဖြတ်မယ့် တစ်လိုင်း၊ ပဲခူးကိုဖြတ်မယ့် တစ်လိုင်း၊ရွှေဘိုနဲ့ ပဲခူးကြားက တစ်လိုင်းနဲ့ မြောက်ဖျားပိုင်း မြစ်ကြီးနားကို ဖြတ်မယ့် လိုင်းတွေအတွက် စက်တွေတော့ မရောက်သေးဘူး။သူတို့လာမှ စက်တွေ တစ်ခါတည်း ပါလာမှာပါ''ဟု ၎င်းကဆက်လက်၍ ပြောပြသည်။

ငလျင်လှိုင်းတိုင်းစက်များ တပ်ဆင်ပြီးပါ ငလျင်လှုပ်ပြီးချိန်တွင် ငလျင်ပြင်းအားပမာဏ၊ ဗဟိုချက်များကို တွက်ချက်နိုင်မည် ဖြစ်ပြီး စက်များကို စင်ကာပူနိုင်ငံ မြေကမ္ဘာ လေ့လာရေးအဖွဲ့က ကူညီပံ့ပိုးခြင်း ဖြစ်ကာ သုံးနှစ်ခန့် စမ်းသပ်တိုင်းတာပြီးပါက ၁ဝ လုံးခန့်ကို လှူခဲ့ပြီး အလုံး ၂ဝခန့်ကို ပြန်လည်ယူဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လွှမ်းခြုံ တိုင်းတာနိုင်ရန်အတွက် ငလျင်လှိုင်း တိုင်းတာရေးစက် အလုံးရေ ၃ဝဝခန့် တပ်ဆင်ရန် လိုအပ်ပြီး များများတပ်ဆင်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...